တရုတ်နဲ့ ထိုင်ဝမ် ဘာကြောင့် ဆက်ဆံရေး၊ စစ်ရေး တင်းမာလာသလဲ

တရုတ်နဲ့ ထိုင်ဝမ်အကြားက တင်းမာမှုတွေ မြင့်သည်ထက် မြင့်လာနေပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းကဆို ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး ဇုန်ထဲကို တရုတ် စစ်လေယာဥ်တွေ စံချိန်တင်အောင် ဖြတ်ကျော် ပျံသန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

ဒီပြဿနာတွေရဲ့ အကြောင်းခံကတော့ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်က ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး ကိစ္စက မဖြစ်မနေ ဆောင်ရွက်ရမှာလို့ ပြောခဲ့ပါတယ်။ နောက်ပြီး ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ လိုအပ်ရင် အင်အားသုံးမယ့် နည်းလမ်းကိုလည်း မပယ်ထားပါဘူး။

တရုတ်က ကိုယ်ပိုင်အချုပ်အခြာနဲ့ ရှိနေတဲ့ ထိုင်ဝမ်ကို ပြည်မကနေ ခွဲထွက်သွားခဲ့တဲ့ ပြည်နယ်တခု ဖြစ်ပြီး တချိန်မှာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းတခု ပြန်ဖြစ်လာရမယ်လို့ ရှုမြင်ပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ကတော့ သူတို့ကိုယ် သူတို့ လွတ်လပ်တဲ့ တိုင်းပြည်၊ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေအုပ်ချုပ်နေတဲ့ နိုင်ငံ အဖြစ်ရှုမြင်ပါတယ်။

ထိုင်ဝမ်ကို ပြေးခဲ့တဲ့ ကူမင်တန်တွေကို ခေါင်းဆောင်ခဲ့သူ ချန်ကေရှိတ်

ထိုင်ဝမ်က ဘယ်နားမှာလဲ

ထိုင်ဝမ်ဟာ တရုတ်အရှေ့တောင် ကမ်းရိုးတန်းကနေ မိုင် ၁၀၀ အကွာလောက်မှာ ရှိနေတဲ့ ကျွန်း တကျွန်း ဖြစ်ပါတယ်။ အမေရိကန် နဲ့ ဆက်ဆံရေးနီးကပ်တဲ့ နယ်မြေတွေပါဝင်ပြီး အမေရိကန် နိုင်ငံခြားရေး မူဝါဒအတွက် အရေးပါလှတဲ့ “first island chain” လို့ ခေါ်တဲ့ ကျွန်းစဥ်ဆက်တန်း ထဲမှာလည်း ပါဝင်နေပါတယ်။

တကယ်လို့သာ တရုတ်က ထိုင်ဝမ်ကို တရုတ်ပြည်မထဲ သွတ်သွင်းလိုက်ပြီဆိုရင် သူတို့ရဲ့ သြဇာကို အနောက်ပစိဖိတ် ဒေသထဲမှာ ပိုမို လွတ်လပ်စွာ ထူထောင်လာနိုင်တယ်၊ အမေရိကန် စစ်စခန်းတွေ ရှိနေတဲ့ ခပ်လှမ်းလှမ်းက ဂူအမ်နဲ့ ဟာဝိုင်အီ ကျွန်းတွေအထိ ခြိမ်းခြောက်လာနိုင်မယ်လို့ အနောက်နိုင်ငံတွေက ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ထိုင်ဝမ်ဟာ ဘာကြောင့် တရုတ်ပြည်မနဲ့ ကွဲနေလဲ

ဒီနှစ်နိုင်ငံ ကွဲသွားကြတာဟာ ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ ဖြစ်ပါတယ်။ အဲဒီတုန်းက တရုတ်ပြည်မထဲမှာ အမျိုးသားရေး အစိုးရနဲ့ တရုတ် ကွန်မြူနစ်ပါတီတို့ရဲ့ တပ်တွေ အကြား ပြည်တွင်းစစ် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

၁၉၄၉ မှာ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေ အနိုင်ရပြီး ဘေကျင်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကူမင်တန်လို့ ခေါ်ကြတဲ့ အမျိုးသားရေး ပါတီကတော့ အနီးက ထိုင်ဝမ်ကျွန်းဆီ ပြေးခဲ့ရပါတယ်။

ကူမင်တန် ပါတီဟာလည်း အဲဒီအချိန်က စလို့ ထိုင်ဝမ်ရဲ့ နိုင်ငံရေးမှာ အားအကောင်းဆုံး ပါတီတွေထဲက တခု ဖြစ်လာခဲ့ပြီး ထိုင်ဝမ် သမိုင်းမှာ ကာလ တော်တော်များများ အုပ်ချုပ်နေတဲ့ ပါတီဖြစ်ပါတယ်။

ဒီနေ့ အချိန်မှာ ထိုင်ဝမ်ကို လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံအဖြစ် လက်ခံ အသိအမှတ်ပြုထားတာ ဗာတီကန်နဲ့ တခြား ၁၃ နိုင်ငံပဲ ရှိပါတယ်။

တရုတ်က တခြားနိုင်ငံတွေ ထိုင်ဝမ်ကို အသိအမှတ် မပြုကြဖို့ သံရေးတမန်ရေးနဲ့ ဖိအားပေး၍ ဖြစ်စေ စောင်းပါးရိပ်ခြေပြော၍ ဖြစ်စေ လုပ်ပါတယ်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးက လက်ရှိကာလ တရုတ်နဲ့ ဆက်ဆံရေးဟာ နှစ်ပေါင်း ၄၀ အတွင်းမှာ အဆိုးဆုံး အခြေအနေကို ရောက်နေတယ်လို့ ပြောပါတယ်။

ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သလား

တရုတ်ဟာ ပြန်လည်ပေါင်းစည်းရေးကို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်တာမျိုးနဲ့ စစ်ရေးနည်းလမ်းမသုံးဘဲလည်း လုပ်လာနိုင်ပါတယ်။

ဒါပေမဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ရမယ်ဆိုရင်တော့ တရုတ်နဲ့ ထိုင်ဝမ် စစ်အင်အားချင်း ယှဥ်လိုက်ရင် ဆင်နဲ့ ဆိတ် လိုဖြစ်နေမှာ ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စု ပြီးရင် ဒုတိယ စစ်သုံးစရိတ် အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ သူတို့မှာ ရှိတဲ့ ရေတပ်အင်အား၊ ဒုံးကျည်နည်းပညာ၊ လေတပ်နဲ့ ဆိုင်ဘာတိုက်ခိုက်ရေး စတဲ့ အထဲက ကြိုက်တဲ့ အရာကို လိုသလို အသုံးပြုနိုင်ပါတယ်။

တရုတ်ဟာ သူ့ရဲ့ စစ်အင်အားဟာ တခြား ကဏ္ဍတွေမှာ အားစိုက်ထားပေမယ့် အားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် တပ်ဖွဲ့ဝင်အင်အားကို ကြည့်ရင်ပဲ နှစ်ဖက်အကြား တော်တော်လေး မမျှမတ ကွာဟနေတာကို တွေ့ရပါတယ်

အနောက်နိုင်ငံတွေက ကျွမ်းကျင်သူတချို့ကတော့ အကယ်၍သာ တိုက်ကြခိုက်ကြနဲ့ ဖြစ်လာကြပြီဆိုရင် ထိုင်ဝမ်အနေနဲ့ လုပ်နိုင်တာဆိုလို့ တရုတ်ရဲ့ စစ်ဆင်ရေးကို နှေးသွားအောင် တရုတ်ရဲ့ ကမ်းတက်တပ်ဖွဲ့တွေ တက်မလာနိုင်အောင် ကာကွယ်တာမျိုးတော့ လုပ်နိုင်မယ်လို့ ပြောပါတယ်။
အဲဒီနောက် ပြင်ပက အကူအညီတွေ မရသေးခင်စပ်ကြား ပြောက်ကျား စစ်နဲ့ တိုက်ခိုက်ရမယ်လို့ ဆိုပါတယ်။ အဲဒီ ပြင်ပ အကူအညီဆိုတာက ထိုင်ဝမ်ကို လက်နက်ရောင်းပေးနေတဲ့ အမေရိကန် ဆီကပဲ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဝါရှင်တန်ဘက်က တရားဝင် ချမှတ်ထားတဲ့ မဟာဗျူဟာ မူဝါဒက လိုသလို အဓိပ္ပာယ်ဆွဲလို့ ရနေပြန်ပါတယ်။
အဲဒါက ဘာလဲဆိုရင် တကယ်လို့ ထိုင်ဝမ် အတိုက်ခိုက် ခံရပြီဆိုရင် အမေရိကန်ဘက်က ဘာလုပ်မလဲ၊ ဘယ်ပုံဘယ်နည်းနဲ့ ကာကွယ်ပေးမလဲ ဆိုတာကို သဲသဲကွဲကွဲ မရှိဖြစ်နေတာပါ။
သံတမန်ရေးအရ အမေရိကန်ဟာ တရုတ်တပြည်တည်းဆိုတဲ့ မူဝါဒကို လတ်တလောမှာ လက်ခံထားပါတယ်။ ဘေကျင်းကအစိုးရ တခုတည်းကိုသာ တရုတ်အစိုးရ အဖြစ် အသိအမှတ်ပြုပြီး တရားဝင် ဆက်ဆံရေးကိုလည်း ထိုင်ဝမ်နဲ့ ထူထောင်ထားတာမျိုး မရှိဘဲ တရုတ်နဲ့ ထူထောင်ထားတာ ဖြစ်ပါတယ်။
အခြေအနေတွေ ပိုဆိုးလာနေသလား
ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းက တရုတ်ဘက်က ဖိအားတိုးတဲ့ သဘောနဲ့ စစ်လေယာဥ်တွေဟာ ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး ဇုန်ထဲကို ဖြတ်ကျော်ပျံသန်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီဇုန်ဟာ ထိုင်ဝမ်ရဲ့ အမျိုးသား လုံခြုံရေးအတွက် ပြည်ပနိုင်ငံတွေက လေယာဥ်ပျံတွေကို အမျိုးအမည်သတ်မှတ်၊ စောင့်ကြည့်ပြီး ထိန်းချုပ်မှုတွေ လုပ်ဖို့ သတ်မှတ်ထားတဲ့ ဧရိယာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဘက်က အဲဒီ ဖြတ်ကျော် ပျံသန်းတဲ့ လေယာဥ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့ ၂၀၂၀ မှာကတည်းက အများပြည်သူ သိနိုင်ဖို့ ချပြပေးထားပါတယ်။
၂၀၂၁ အောက်တိုဘာလထဲမှာ ဒီလို ဖြတ်ကျော်ပျံသန်းမှုတွေဟာ အမြင့်ဆုံးကို တက်လာခဲ့ပြီး တရက်တည်းမှာတင် ၅၆ ကြိမ်အထိ ပျံသန်းမှု လုပ်ခဲ့တာကို တွေ့ရပါတယ်။
ကမ္ဘာ့တခြားနိုင်ငံတွေအကြား ထိုင်ဝမ်ရဲ့ အရေးပါမှု
ဘာတွေက အရေးပါသလဲ ဆိုရင် ထိုင်ဝမ်စီးပွားရေးပဲ ဖြစ်ပါတယ်။ အင်မတန် အရေးပါပါတယ်။
ကမ္ဘာပေါ်က နေ့စဥ်သုံး အီလက်ထရောနစ် ပစ္စည်းတွေ ဖြစ်တဲ့ ဖုန်းတွေ၊ လက်ပ်တော့ပ် ကွန်ပျူတာတွေ၊ နာရီတွေနဲ့ ဂိမ်းစက်တွေ ပါမကျန် ထိုင်ဝမ်မှာ ထုတ်တဲ့ ကွန်ပျူတာချစ်ပ် တွေနဲ့ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
ထိုင်ဝမ်ရဲ့ Taiwan Semiconductor Manufacturing Company ခေါ် TSMC ကုမ္ပဏီ တခုတည်းကတင် ကမ္ဘာ့ဈေးကွက်ရဲ့ ထက်ဝက်ကျော်ကို ထိန်းထားတာ ဖြစ်ပါတယ်။
TSMC ဟာဆိုရင် သတ္တုအရည်ကျိုတဲ့ စက်ရုံလို ကုမ္ပဏီမျိုးပါ။ အရပ်ဘက် နဲ့ စစ်ဘက် ဝယ်သူတွေက ဒီဇိုင်းထုတ်ပြီး ပေးလိုက်တဲ့ ဘာချစ်ပ်မျိုးကို မဆို အကုန်ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီလုပ်ငန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ အတွင်း လည်ပတ်မှု တန်ဖိုး ဒေါ်လာ ဘီလျံ ၁၀၀ နီးပါး ရှိတဲ့ အင်မတန်ကြီးမားတဲ့ လုပ်ငန်းခွင်ကြီး ဖြစ်ပါတယ်။
ဆိုတော့ တရုတ်ကများ ထိုင်ဝမ်ကို ထိန်းချုပ်လိုက်နိုင်ပြီ ဆိုရင် ကမ္ဘာပေါ်က အရေးကြီးဆုံး လုပ်ငန်းခွင်ကြီး တခုကိုပါ ဘေကျင်းက ချုပ်ကိုင်မှုတချို့ကို လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။
ထိုင်ဝမ်ပြည်သူတွေ စိုးရိမ်နေသလား
မကြာသေးခင်က စပြီး တရုတ်နဲ့ ထိုင်ဝမ်အကြား တင်းမာမှုတွေ တိုးလာခဲ့ပေမယ့် ထိုင်ဝမ်ပြည်သူတွေကတော့ သိပ်ပြီး မစိုးရိမ်ကြတာကို လေ့လာမှု တခုမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းက ထိုင်ဝမ်ရဲ့ ပြည်သူ့ သဘောထား ဖောင်ဒေးရှင်း Taiwan Public Opinion Foundation က လူထုကို တရုတ်နဲ့ စစ်ဖြစ်လာနိုင်မလား လို့ မေးမြန်း စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။

ရလာတဲ့ အဖြေကတော့ သူတို့ မေးခဲ့တဲ့ အထဲက ၃ ပုံ ၂ ပုံနီးပါး၊ ရာခိုင်နှုန်းနဲ့ဆိုရင် ၆၄.၃ ရာခိုင်နှုန်းက မထင်ပါဘူးလို့ ဖြေခဲ့ကြပါတယ်။

သီးသန့် လေ့လာမှု တခုအရ ထိုင်ဝမ်မှာ နေထိုင်သူ အများစုဟာ သူတို့ကိုယ်သူတို့ မတူကွဲပြားတဲ့ ထိုင်ဝမ်လူမျိုးအဖြစ် ရှုမြင်လာကြတာကို တွေ့ရပါတယ်။

ချန်ချီ အမျိုးသား တက္ကသိုလ်က ၁၉၉၀ ပြည့်နှစ်တွေရဲ့ အစောပိုင်းမှာ လုပ်ခဲ့တဲ့ လေ့လာမှု တခုမှာလည်း သူတို့ကိုယ်သူတို့ တရုတ် လူမျိုး ဒါမှမဟုတ် တရုတ်နဲ့ ထိုင်ဝမ် လူမျိုး ၂ မျိုးစလုံးလို့ သတ်မှတ်တဲ့ လူဦးရေက ကျဆင်းသွားပြီး အများစုက ထိုင်ဝမ်လူမျိုး အဖြစ်သာ သတ်မှတ်ကြတော့တာကို တွေ့ရှိခဲ့ပါတယ်။

သတင်းရင်းမြစ် – ဘီဘီစီမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *