တင်းနစ်လောကမှ အနားယူဖွယ်ရှိကြောင်း အန်ဒီမာရေး အရိပ်အမြွက် ပြောဆို

ဗြိတိန်နာမည်ကျော် တင်းနစ်ကစားသမား အန်ဒီမာရေး က သူ့ရဲ့ပုံစံတွေဟာ တိုးတက်မှုမရှိလာဘူးဆိုရင်တော့ တင်းနစ်လောက ကနေ အနားယူဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိ အန်ဒီမာရေးဟာ ဂျပန်တင်းနစ်ကစားသမား တာရိုဒန်နီရယ်လ်ကို အရေးနိမ့်ပြီး သြစတြေးလျအိုးပန်းပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အန်ဒီမာရေးဟာ တာရိုဒန်နီရယ်လ်ကို (၆-၄)၊(၆-၄)၊(၆-၄) နဲ့ (၃)ပွဲဆက်အရေးနိမ့်ပြီး သြစတြေးလျ အိုးပန်းဒုတိယအဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။ ဒီပွဲအပြီးမှာ အန်ဒီမာရေးအနေနဲ့ အနာဂတ်မှာ မဲလ်ဘုန်းကို ပြန်လာပြီး ယှဉ်ပြိုင်ဖို့ ရှိလားလို့ မေးမြန်းခဲ့ရာမှာ ယုံကြည်မှုတွေ မရှိတော့သလို ဖြစ်နေခဲ့ပါတယ်။

အန်ဒီမာရေး က “ဒီနှစ်ဟာ ကျနော့်အတွက် အကြာင်းအမျိုးမျိုးနဲ့ အလွန်အရေးကြီးတဲ့နှစ်ဖြစ်ပြီး ပွဲကြီးတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ကစားချင်ပါတယ်။ကျနော့်အတွက်တော့ ဒီပွဲဟာ လုံးဝအဆင်မပြေပါဘူး။ ဒီထက်ပိုကောင်းအောင်လုပ်ချင်ပါတယ်။ကျနော် ဒီပွဲအတွက်တော့ အလွန်စိတ်ပျက်မိပါတယ်။ ကျနော့်အတွက် ခက်ခဲတဲ့ ဆုံးရှုံးမှုဆိုတာ သေချာပါတယ်။ ဒါဟာ အရာများစွာအပေါ်မှာလည်းမူတည်ပါတယ်။ အခုဆိုရင် ဆီဒင် သတ်မှတ်ခြင်းမခံရတော့ဘူးဆိုတာက သိသာပါတယ်”လို့ ပြောခဲ့ပါတယ်။

အိုလံပစ်ချန်ပီယံဆုကို (၂) ကြိမ်ရထားတဲ့ အန်ဒီမာရေးဟာ ပြီးခဲ့တဲနှစ်အနည်းငယ်က ဒဏ်ရာတွေကြောင့် အကောင်းဆုံးလက်စွမ်းတွေ ပျောက်ဆုံးခဲ့တာပါ။ ဗြိတိန်ကစားသမားဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် တင်ပါးဒဏ်ရာအပါအဝင် ဒဏ်ရာအများအပြားနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။(၂၀၁၉) မှာ အန်ဒီမာရေးဟာ ဒုတိယအကြိမ်မြောက် တင်ပါးကို ခွဲစိတ်ကုသခံခဲ့ရပြီး အဆိုပါ ရာသီတခုလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ တာပါ။ ဗြိတိန်ကစားသမားအနေနဲ့ တင်းနစ်ပြိုင်ပွဲတွေကို ပြန်လာနိုင်ဖို့ သံသယဖြစ်ခဲ့ပေမယ့် (၂၀၂၀) ခုနှစ် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာတော့ ပြန်လည်ယှဉ်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်(၁) တင်းနစ်ကစားသမားဟောင်းဖြစ်တဲ့ အန်ဒီမာရေးဟာ အဆင့်အများအပြားကို ကျဆင်းသွားခဲ့ပြီး အခု ကမ္ဘာ့အဆင့်(၁၁၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အန်ဒီမာရေးဟာ ဒူဘိုင်းနဲ့ ဒိုဟာမှာ ကစားရန် နောက်လမှာ ပြန်လာနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အန်ဒီမာရေးဟာ ဂရမ်းဆလမ်း ဖလားတွေဖြစ်တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ (၂)ကြိမ်နဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ (၁)ကြိမ် ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။ ဗြိတိန်ကစားသမားဟာ (၂၀၁၂)နဲ့ (၂၀၁၆)က ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရရှိ ထားသူ ဖြစ်ပါတယ်။

Source: The Sun

Leave a Reply

Your email address will not be published. Required fields are marked *