ကိုယ့်အမေကိုယ် ထောက်ပံ့ကူညီတဲ့ လူမှုကယ်ဆယ်ရေးဝန်ကြီးဆိုသူ သက်သက်ခိုင် ဝေဖန်ခံနေရ

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး ဝန်ကြီး သက်သက်ခိုင်က သက် ကြီးရွယ်အိုထောက်ပံ့ကူညီရေးအဖြစ် ကိုယ့်အမေကိုယ် ပြန်ထောက်ပံ့ကူညီတာကြောင့် ဝေဖန်မှု‌တွေ အလွန်မြင့်တက်နေပါတယ်။ သက်သက်ခိုင်ရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ ခြံအမှတ် ၁၂၇ /အေ မှာ နေထိုင်တဲ့ သက်သက်ခိုင်ရဲ့ မိခင် အသက် ၉၀ နှစ်အရွယ် ဒေါ်ခင်မြမြကို သက်ကြီးရွယ်အိုထောက်ပံ့မှု အစီအစဉ်အဖြစ် လူမှု ဝန် ထမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးတို့က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သွားရောက်၍ ကူညီထောက်ပံ့ခဲ့ကြတာဖြစ်ပါတယ်။

သက်သက်ခိုင်ရဲ့ လက်တွဲဖော် အောင်ကျော်ဝင်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်ခင်မြမြရဲ့ အသက် ၉၀ နှစ်ပြည့်မွေးနေ့ အကြို အမှတ် တရ အဖြစ် လူမှုဝန်ထမ်းဌာနရဲ့ ထောက်ပံ့မှုဓာတ်ပုံမှတ်တမ်းကို လူမှုကွန်ရက်မှာ ဖော်ပြရာက အဲဒီသတင်းဟာ ပျံ့နှံ့သွားတာဖြစ်ပါတယ်။ နောက်ပိုင်း အရမ်းဝေဖန်ခံရတော့မှ လူမှုကွန်ရက်ပို့စ်ကို အောင်ကျော်ဝင်းက ပြန်လည် ဖြုတ်သွားခဲ့ပါတယ်။

“ရွှေဆိုင်ပိုင်ရှင်ရဲ့အမေ၊ ဓမ္မစေတီလမ်းမှာ အိမ်နဲ့ ခြံနဲ့ ခမ်းခမ်းနားနားနေတဲ့ သူ့အမေကို သမီးဝန်ကြီးက သက်ကြီးရွယ်အို ထောက်ပံ့မှုအဖြစ် ပြန်ထောက်ပံ့တာ ဆိုတော့ ကိုယ်မေကိုယ်ထောက်ပံ့တာလား။ ဒီနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ မပြည့်မစုံနဲ့ ဒုက္ခရောက်နေကြတာ အများကြီး။

ဒါတွေကို မထောက်ပံ့ဘဲ ဘယ်နှာ့ ကိုယ့်အမေ ကိုယ် ပြန်ထောက်ပံ့သလဲဆိုတာ နားမလည်နိုင်တော့ဘူး” လို့ ပြည်သူတစ်ဦးက လူမှုကွန်ရက်မှာ ဝေဖန်ထားပါတယ်။ သက်သက်ခိုင်ရဲ့ အမေကို သူ့ဌာနက ပြန်ထောက်ပံ့မှုဟာ စစ်ကောင်စီရဲ့ သရုပ်မှန်ကို ပြနေတယ်လို့ ဝေဖန်သူ ပြည်သူတွေလည်းရှိနေပါတယ်။ “ကိုယ့်ဆွေမျိုး ကိုယ်ထောက်ပံ့။ လူထုက သဘောမတူဘဲ ဝန်ကြီးတက်လုပ်။ စစ်ဖိနပ်ကိုင်ပြီး ဝန်ကြီးလုပ်မှတော့ သူ့ အမျိုးအဆွေပဲ ထောက်ပံ့တာမဆန်းဘူး။

အာဏာ သိမ်း ထားတဲ့ စစ်တပ်ကောင်တွေကလည်း အဲဒီလို အတန်းအစားတွေပဲ။ တူရာ တူရာ စုကြတဲ့သူတွေပဲ” လို့ ပြည်သူတစ်ဦးကလည်း ဝေဖန်ပါတယ်။ NLD အမတ်ဖြစ်ခဲ့တဲ့ သက်သက်ခိုင်ဟာ လူထုဒေါ်အောင်ဆန်းစုကြည်ကို အပြင်း အထန် ဝေဖန်ခဲ့သူတစ်ဦးဖြစ်ပြီး မင်းအောင်လှိုင်လက်ထက်မှာ လူမှုကယ်ဆယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံမှုကို လက်ခံခဲ့တဲ့အတွက် စစ်တပ်ဘက်တော်သား အခွင့် အရေးသမားအဖြစ် ပြည်သူတွေက အပြင်းအထန်ဝေဖန်မှုကို ပြန်လည်ခံစားနေရသူ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *