လေကြောင်းတိုက်ခိုက်မှုတွေရဲ့ စစ်ရေးအဓိပ္ပာယ်နဲ့ မျက်မှောက်စစ်ရေးအခြေအနေ

မြောင်မြို့နယ်အတွင်း ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ မြေပြင်တပ်ဖွဲ့တွေပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ မြောင်ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။ မြောင်ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကာလတခုကြာအောင် အသာစီးရခဲ့တဲ့ ဒေသတခု ဖြစ်ပါတယ်။

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရဲ့တောင်ဘက် အင်းမထီးကျေးရွာအနီးမှာ ရဟတ်ယာဉ်တစီး ဇန်နဝါရီလ ၁၉ ရက်နေ့က ဆင်းသက်ပြီး လက်နက်ကိုင်လူတချို့ကို ချပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အင်းမထီးကျေးရွာဟာ ကြံ့ခိုင်ရေးပါတီနယ်မြေဖြစ်ပြီး ပျူစောထီးတွေ အများအပြားရှိတယ်လို့လည်း နယ်ခံရွာသားတွေက ဆိုပါတယ်။

ပုလဲမြို့နယ်၊ ဒီပဲယင်းမြို့နယ်တွေထဲက ရွာသူရွာသားတော်တော်များများဟာ ရဟတ်ယာဥ်အသံကြားရင်ကို ကြောက်လန့်နေကြတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့တုန်းက ပုလဲမြို့အနောက်ခြမ်းမှာရှိတဲ့ ဦးနှောက်ရွာကို ရဟတ်ယာဉ်သုံးစီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ရဟတ်ယာဉ်တစီးက အပေါ်ကနေ ပစ်ခတ်နေစဉ်မှာ တခြားရဟတ်ယာဉ်နှစ်စီးပေါ်ကနေ စစ်သားတွေ ချပေးခဲ့ပါတယ်။ စစ်သားတွေက ရွာထဲကို လိုက်လံပစ်ခတ်တိုက်ခိုက်စဉ်မှာလည်း ကျန်တဲ့ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ကူညီခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်း အရှေ့ခြမ်းရွာတွေမှာလည်း ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ကသာ၊ ထီးချိုင့်၊ ဝက်လက်၊ ဂန့်ဂေါ၊ ဆော၊ ကလေးနတ်ချောင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာလည်း ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှု၊ ဗုံးကြဲမှုတ ွေအနှံ့အပြားရှိပါတယ်။ တချို့နေရာတွေမှာ သေနတ်နဲ့ အချက် ၂၀၀ ကျော်ပစ်ခတ်တယ်လို့ ပြောဆိုကြပြီး တချို့နေရာတွေမှာ ဗုံးအများအပြားကြဲချတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိပါတယ်။ တချို့နေရာတွေမှာ တိုက်ပွဲလုံးဝမဖြစ်ပွားပဲ ကျေးရွာတွေကို ပစ်ခတ်တယ်လို့ ဆိုပါတယ်။ ကလေးနဲ့သက်ကြီးရွယ်အိုတွေပါ ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေလည်း အခိုင်အမာရှိပါတယ်။

မြေပြင်နဲ့ဝေဟင်ပူးပေါင်းတိုက်ခိုက်လာ

စစ်ကောင်စီဟာ ဒီနှစ်ဆန်းမှာ မြေပြင်နဲ့ဝေဟင် ပူးတွဲစစ်ဆင်ရေးပြုလုပ်လာတာတွေ့ရတယ်လို့ စစ်ကိုင်းတိုင်းထဲက ပြောက်ကျားရဲဘော်ကိုခန့်က ဘီဘီစီကို ပြောပါတယ်။ ကိုခန့်ဟာ အရင်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တယောက်ဖြစ်ပြီး အခုအာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာသူ ဖြစ်ပါတယ်။

“အခုနောက်ပိုင်းတော့ ခြေလျင်နဲ့ လေကြောင်း ပူးတွဲစစ်ဆင်လာတယ်ဗျ။ စကစတွေ စစ်ဆင်ရေးလုပ်လာတဲ့ ပုံစံက အရင်ပုံစံတွေနဲ့ မတူဘူး။ ပုံစံတခုက မြေပြင်တပ်တွေ အထိနာလို့ စစ်ကူခေါ်ရင် မိနစ်ပိုင်းအတွင်း ရဟတ်ယာဉ်နဲ့ ပစ်ကူလာတာရှိတယ်။ နောက်ပုံစံတခုက ခြေလျင်တပ်တွေနဲ့အတူ ရဟတ်ယာဉ်ပါ ပူးတွဲပါလာတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာကို ဝင်စီးတဲ့ ဖြစ်စဉ်မျိုးပဲ။ နှစ်စီးက လူချတယ်။ တစီးက ပစ်ကူပေးတယ်။ စကစ ဘက်က လေကြောင်းအကူအညီကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အရင်ကထက်စာရင် အနည်းငယ်တော့ အခက်အခဲရှိတယ်။ အတွေ့အကြုံနဲ့ လက်နက်စွမ်းအားကြောင့် အခက်အခဲက ယာယီပဲရှိမှာပါ။ ဒါပေမယ့် စကစရဲ့ လေကြောင်းရန်က ပြည်သူ့ တော်လှန်ရေး ရေစီးကြောင်းကို ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။”

စစ်ကိုင်းတိုင်းထဲမှာ အခုလက်ရှိ ပြောက်ကျားတိုက်ပွဲ ဆင်နွှဲနေသူ ကိုခန့်က ပြောပြတာပါ။

ဘာ့ကြောင့် လေကြောင်းပိုသုံးလာသလဲ

ဆင်ဖြူရှင် စစ်ဆင်ရေး ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းက Mi-35 ရဟတ်ယာဥ်တစ်စင်း

စစ်ကောင်စီဟာ အခု ၁ လ ၂ လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ကထက် တိုးမြှင့်ပြုလုပ်လာပါတယ်။ ဘာ့ကြောင့် အဲသလို လေကြောင်းပိုသုံးလာသလဲဆိုတာကိုတော့ ပြောက်ကျားရဲဘော်ကိုခန့်က အခုလို ပြောပြပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြေပြင်မှာ နေရာရွှေ့ပြောင်းတဲ့အခါ ခဏခဏမိုင်းဆွဲတိုက်ခိုက်တာခံလာရတယ်ဗျ။ အဲဒါက တော်တော်ထိရောက်တဲ့ဗျူဟာပဲ။ သူတို့အတွက် မြေကြီးကိုတောင် မယုံရတဲ့အဖြစ်ရောက်လာတာ။ နေရာတိုင်းမှာမိုင်းရှိတယ်လို့ ထင်လာကြတာဗျ။ တနေရာကနေ တနေရာ ရွှေ့ဖို့ပြောင်းဖို့ဟာ သူတို့အတွက် တော်တော်ခက်တဲ့အလုပ်ကြီး ဖြစ်လာတဲ့အထိပဲ။ အဲဒီအခက်အခဲကို ကျော်လွှားဖို့အတွက် သူတို့နေရာပြောင်းချင်တဲ့ အခါ ရဟတ်ယာဉ်နဲ့ အရင်လာပြီး လမ်းရှင်းတာဗျ။ သူတို့သွားမဲ့လမ်းတလျှောက်မှာ အရင်လိုက်ပစ်တာ။ အဲဒါက ပထမတချက်။ နောက်တချက်က သူတို့အမြန်နေရာရွှေ့ပြောင်းချင်တဲ့အခါမျိုး ဥပမာ ဦးနှောက်ရွာ အဖြစ်အပျက်မျိုးပေါ့ဗျာ။ အဲဒီအခါမျိုးမှာ လူချမဲ့နေရာကို ကွင်းရှင်းချင်လို့ တခြားရဟတ်ယာဉ်တစင်းနဲ့ အနီးအနားတဝိုက်လိုက်ပစ်တာ။ အဲဒါမျိုး။ နောက်ထပ်တချက်ကတော့ ပြောက်ကျားတွေဟာ ပြည်သူတွေထဲကပဲ ထွက်တာဗျ။ ဒါကိုသူတို့လည်း သိတယ်။ ကျွန်တော်တို့လည်းသိတယ်။ အဲသလိုသိတော့ ပြည်သူကိုပါ ရန်သူလို့သတ်မှတ်ပြီး ချေမှုန်းရေးလုပ်တာဗျ။ ရွာတွေမှာတိုက်ပွဲမဖြစ်ဘဲ ရွာသားတွေကို လိုက်ပစ်တယ်ဆိုတာ အဲဒါဗျ။”

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF မှာလက်နက်ကိုင်တိုက်ပွဲကိုယ်တိုင် တိုက်ခိုက်လာတဲ့ ရဲဘော်ဟောင်းတဦးကလည်း ရဟတ်ယာဉ်သုံးတိုက်ခိုက်လာတာနဲ့ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါတယ်။

“ဒါထုံးစံပဲ။ ဘာလို့ရဟတ်ယာဉ်သုံးလာသလဲဆိုတော့ မြေပြင်ကပြောက်ကျားကို နိုင်အောင်မတိုက်နိုင်တာများလာရင် ရဟတ်ယာဉ်သုံးတာပဲ။ ရဟတ်ယာဉ်ရဲ့နှုန်းကလူ့ထက်အများကြီး မြန်တာကိုဗျ။ ရဟတ်ယာဉ်က ပစ်နှုန်း၊ ပြေးနှုန်း၊ ရွေ့လျားနှုန်းမှာ ပိုမြန်တော့ ပြောက်ကျားတွေကို နံပါတ်တစ်က စိတ်ဓာတ်ခြောက်ခြားအောင် လုပ်တယ်။ နံပါတ်နှစ် သေကြေအောင် လုပ်တယ်။ နံပါတ်သုံး စစ်လန်သွားအောင် လုပ်တယ်။ အဲဒါပါပဲ။ ဒါပေမဲ့ အဲဒီနည်းတွေသုံးရင်းနဲ့ပဲ ပြောက်ကျားတွေကလည်း ရဟတ်ယာဉ်ကို ဘယ်လိုတုံ့ပြန်မယ်၊ ရဟတ်ယာဉ်လာရင် ဘယ်လိုတပ်ဖျောက်မယ်၊ ရဟတ်ယာဉ်လာရင် ဘယ်လိုပြန်ပစ်မယ်ဆိုတဲ့ နည်းပရိယာယ်ကို တွေ့သွားကြတာပါပဲ။ နောက်ပိုင်းမှာ မြေပြင်မှာ ရဟတ်ယာဉ်တွေကို သွားပြီးဖောက်ခွဲတာမျိုးတွေ တွေ့ချင်တွေ့လာရနိုင်ပါတယ်။ ရန်ကုန်မှာတောင် နေရာတကာ ခွဲနေတာဆိုတော့ ဒါမျိုးဖြစ်မလာဘူးလို့လည်း မပြောနိုင်ဘူးလေ။ အာဖဂန်မှာဆို ဒီလိုလုပ်ကြတာမျိုးတွေ့ဖူးတယ်။ ရဟတ်ယာဉ်ရှိတဲ့နေရာကလုံခြုံရေးတင်းကြပ်လို့ ဝင်မရရင်တောင် ရဟတ်ယာဉ်အဝင်အထွက် လမ်းကြောင်းကို ကြည့်ပြီး ရဟတ်ယာဉ်အဝင်အထွက်ကို စောင့်ပြီး ပစ်ချတာမျိုးလုပ်ကြတာတွေလည်း ရှိခဲ့ဖူးတယ်။”

စစ်ကောင်စီဟာ မြေပြင်သက်သက်ကနေ ရှေ့တိုးဖို့ခက်လာတဲ့နယ်မြေဒေသတွေမှာ ရဟတ်ယာဉ်နဲ့စစ်သားတွေကို ချထားနေရာယူလာပြီး၊ ရဟတ်ယာဉ်နဲ့ပါ ကူညီပစ်ခတ်တဲ့နည်းဗျူဟာကို ကျင့်သုံးလာခဲ့ပါတယ်။ အဲဒီနည်းဟာ စစ်ကောင်စီအတွက် တော်တော်အကျိုးပြုနိုင်တဲ့နည်းဗျူဟာတခုဖြစ်လာတာကို တွေ့မြင်နေရပါတယ်။

စစ်ရေးချိန်ခွင်လျှာပြောင်းလဲသွားနိုင်သလား

မြေပြင်နဲ့ဝေဟင်ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပြောက်ကျားတွေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးချိန်ခွင်လျှာဟာ တမျိုးတမည်များပြောင်းလဲသွားနိုင်ပါသလား။ ရဟတ်ယာဉ်အသုံးပြုနှိမ်နင်းတဲ့အတွက် ပြောက်ကျားတွေ စစ်ရှုံးသွားနိုင်ပါသလား။ ဒါကိုတော့ ပြောက်ကျားစစ်အတွေ့အကြုံကြွယ်ဝတဲ့ ဝါရင့်ရဲဘော်တဦးကို မေးကြည့်ထားပါတယ်။ သူကတော့ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်း ၃၀ ကျော်ပြောက်ကျားစစ်ပွဲ ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့တဲ့ ဦးထွန်းလှအောင် ဖြစ်ပါတယ်။

“ကျွန်တော့်အမြင်တော့ လေကြောင်းပစ်မှတ်ဆိုတာ မြေပြင်သတင်းကို တော်တော်တိတိကျကျရထားမှ ထိရောက်အောင် တိုက်လို့ရတာလေ။ အခုဆင်နွှဲနေတာက ပြောက်ကျားစစ်ဖြစ်တယ်လေ။ ပြောက်ကျားစစ်ဆိုတာက တပြည်လုံးအနှံ့အပြားပေါ့။ စစ်မျက်နှာက အတည်တကျမရှိဘူး ဆိုတဲ့အခြေအနေ ဖြစ်တယ်။ စစ်ဆင်ရေးသဏ္ဌာန်က အမြန်တိုက်အမြန်ဆုတ်၊ တပ်ကိုဖျောက် အဲဒီစနစ်တွေကို ကျင့်သုံးနေကြတာ။ အရင်က ဗမာပြည်စစ်ရေးသမိုင်းမှာ အရှေ့မြောက်ဘက် ဗကပကို တိုက်တဲ့နေရာတွေမှာ တိုက်လေယာဉ်သုံးတာ ရှိတယ်။ တောင်ကုန်းတွေ နေရာယူထားတာကို တက်ထိုး၊ လေယာဉ်ပျံနဲ့ ပစ်ကူလုပ်အဲဒါမျိုး။ အခုလောလောဆယ် KIA ဒေသဘက်မှာ လုပ်နေတာတွေလည်း ရှိတာပေါ့ဗျာ။ ဒါတွေက ပစ်မှတ်အသေတွေလေ။ နေရာယူထားတဲ့ စခန်းတွေကိုး။ လှုပ်ရှားတဲ့ပြောက်ကျားကို တိုက်ခိုက်တဲ့အခါကျ သတင်းအတိအကျမရရင် မထိရောက်နိုင်ဘူး။ နောက်ပြီး လေကြောင်းကတိုက်တဲ့အခါ ကုန်ကျစရိတ်သိပ်များတယ်။ ပြောက်ကျားတွေက သတင်းလုံခြုံအောင်လုပ်နိုင်မယ်၊ တပ်တွေရဲ့ ရွှေ့ပြောင်းမှုတွေ သိုသိုသိပ်သိပ်ရှိမယ်၊ ပြောက်ကျားအင်္ဂါနဲ့ ညီညွတ်အောင်နေမယ်ဆိုရင်တော့ ချေမှုန်းဖို့ သိပ်လွယ်လိမ့်မယ် မထင်ဘူး။”

ပြောက်ကျားရဲဘော်ကိုခန့်ကတော့ စစ်တပ်က ရဟတ်ယာဉ်တိုးသုံးလာတဲ့အတွက် သူတို့မှာ အခက်အခဲတချို့ကြုံခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအခက်အခဲကို သူတို့ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆက်လက်ပြောဆိုပါတယ်။ ABSDF ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းကတော့ ပထမပိုင်းမှာ နယ်ခံပြောက်ကျားတွေဟာ အတွေ့အကြုံမရှိသေးတဲ့အတွက် အဲသလိုအခက်အခဲမျိုးကို ရင်ဆိုင်ရတာလို့ သုံးသပ်ပါတယ်။

“ပထမပိုင်းမှာ ဒေသပြောက်ကျားတွေက ရဟတ်ယာဉ်အတွေ့အကြုံမရှိတာဗျ။ အတွေ့အကြုံမရှိတော့ ရဟတ်ယာဉ်နဲ့လာတာကို ခံတိုက်တာတွေ ရှိတယ်။ ဒီနေရာမှာ အာဖဂန်နစ္စတန်နဲ့ အီရတ်မှာတော့ သူတို့သက်ဆိုင်ရာပြောက်ကျားတွေက ရဟတ်ယာဉ်လာတာနဲ့ တပ်ဖျောက်ကြတာဗျ။ တပ်ဖျောက်တဲ့ အပြင် ရဟတ်ယာဉ်ဝေဝါးသွားအောင် တခြားနေရာမှာ တိုက်ပွဲအတု ဟန်ပြဖော်ကြတာလည်းတွေ့ရတယ်။ နောက်ပိုင်းတော့ ရဟတ်ယာဉ်ပစ်တဲ့ လက်နက်တွေသုံးလာကြတယ်။ အစပိုင်းမှာ ကိုယ်က ရဟတ်ယာဉ်ကိုပစ်တဲ့လက်နက်မရှိသေးရင်တော့ ခံမတိုက်ဘဲ တပ်ဖျောက်တဲ့နည်း သုံးကြမှာပေါ့။”

အခုချိန်ထိတော့ ရဟတ်ယာဉ်ကို ပစ်ချနိုင်တယ်ဆိုတဲ့သတင်းမျိုး တော်တော်နည်းပါးလှပါသေးတယ်။ ထိထိရောက်ပစ်ခတ်ချေမှုန်းနိုင်တဲ့ လက္ခဏာမျိုးမတွေ့မြင်ရသေးပါဘူး။ ဒေသပြောက်ကျားတွေလက်ထဲမှာ ရဟတ်ယာဉ်ကိုပစ်ချနိုင်တဲ့ လက်နက်အမျိုးအစားရှိနေပြီလို့လည်း သတင်းမကြားရသေးပါဘူး။ ကရင်နီပြည် (ကယားပြည်)က ခူးအိုက်ကဖြူကတော့ ဒေသခံပြောက်ကျားတွေအတွက် အဓိကအခက်အခဲက လက်နက်ပါပဲလို့ ဆိုပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခက်အခဲကတော့ လက်နက်ပါပဲ။ လေယာဉ်ကို ထိရောက်အောင် ဖိအားပေးနိုင်တဲ့ လက်နက်မရှိဘူး။ လေယာဉ်ကိုပစ်ချနိုင်မဲ့ လက်နက်မရှိသေးဘူး။ မြေပြင်မှာ စစ်ကောင်စီကို အနိုင်တိုက်နိုင်ပြီးနောက် သူတို့လက်နက်ကိုသိမ်းနိုင်တော့မဲ့အခြေအနေမှာ ရဟတ်ယာဉ်ရောက်လာလို့ လက်နက် မကောက်နိုင်တာမျိုးတွေခဏခဏဖြစ်လာတယ်။ အဲဒါအခက်အခဲပါပဲ။”

ဒီးမော့ဆိုနဲ့လွိုင်ကော်ဘက်မှာ ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေလည်း ရှိတယ်လို့ ခူးအိုက်ကဖြူက ဆိုပါတယ်။

ဇန်နဝါရီလ ၁၆ ရက်ညနေပိုင်းမှာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း နန်းမယ်ခုံနဲ့ မနက်ပိုင်းမှာ ဖရူဆိုအနောက်ဖက်ခြမ်း ရီခီးဘူးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ ပရဟိတဆေးဝန်ထမ်း ၃ ဦး၊ စစ်ဘေးရှောင် ဒုက္ခသည်ကလေး ၂ ဦး လူကြီး ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC က ကြေညာချက်ထုတ်ပြန်ပါတယ်။

ကျေးရွာသားများကိုတိုက်ခိုက်ခြင်း

ကရင်ပြည်နယ်မှာ ဗုံးခိုကျင်းထဲတိမ်းရှောင်နေတဲ့မိသားစု

ပုလဲမြို့နယ် ဦးနှောက်ရွာနဲ့ ဒီပဲယင်းအရှေ့ခြမ်းကရွာတွေမှာ တိုက်ပွဲလုံးဝမဖြစ်ပွားဘဲ ရွာသားတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားတဲ့ ဖြစ်စဉ်တချို့တွေ့ခဲ့ရပါတယ်။ ပြောက်ကျားရဲဘော်ကိုခန့်ကလည်း အခုလိုပြောပါတယ်။

“စကစရဲ့ ကြေးစားစစ်သားတွေက အရပ်သားတွေပါ ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးလာတာတွေ ရှိလာတယ်ဗျ။ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ။ မီးရှို့မရရင် ပရိဘောဂတွေယူတာ။ ခုတ်ထစ်ဖျက်ဆီးတာတွေ လုပ်တယ်။ အဲ့ဒီလုပ်ရပ်တွေမှာ ပျူစောထီးတွေပါ ပါတယ်။ ပြည်သူမှန်သမျှကို ရန်သူလို့ သဘောထားပုံရတယ်။ သာမန် ဆိတ်ကျောင်း နွားကျောင်းတွေပါမချန် PDF အမည်တပ်ပြီး ဖမ်းဆီး နှိပ်စက်တာတွေရှိတယ်။ မည်းမည်းမြင်ရာ အကုန်ပစ်ပါတယ်။ ဖြူတာမဲတာ အမျိုးသမီး၊ အမျိုးသား မခွဲခြားပါဘူး။ စစ်ကြောင်းဟေ့လို့ အသံကြားတာနဲ့ ပြည်သူတွေကတော့ လွတ်ရာကို ရှောင်တိမ်းဖို့ ကြိုးစားကြပါတယ်။”

ဦးထွန်းလှအောင်ကတော့ ပြည်သူလူထုအနေနဲ့ ဗုံးခိုကျင်း (ပုန်းခိုကျင်း)တွေအသင့်တူးထားတာမျိုးလည်း ပြင်ဆင်ထားသင့်တယ်လို့ဆိုပါတယ်။ ဗီယက်နမ်စစ်ပွဲမှာလည်း အမေရိကန်က မြေလှန်စနစ်ကျင့်သုံးတိုက်ခိုက်တဲ့အခါ ကျေးရွာသားတွေဟာ ဗုံးခိုကျင်းတွေတူးပြီး၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေကိုပါ အသင့်သိုလှောင်ထားပြီးပြင်ဆင်ခဲ့ကြရဖူးတယ်လို့ ဦးထွန်းလှအောင်ကဆိုပါတယ်။

ကရင်နီပြည်မှာတော့ တောင်စောင်း၊ တောင်ကမ်းပါးယံနေရာတွေမှာ ဗုံးခိုကျင်း တွေ အမြန်ဆုံးတူးဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC က ဇန်နဝါရီလ ၁၇ ရက်နေ့မှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။ အစားအသောက်ဆေးဝါးတွေ စုဆောင်းထားဖို့လည်း တိုက်တွန်းထားပါတယ်။

ဒေသခံပြောက်ကျားတွေရဲ့တုံ့ပြန်ချက်

စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေ နေရာရွှေ့ပြောင်းချထားတာတွေ၊ လေကြောင်းကနေ ကူညီပစ်ခတ်တာတွေကို အဓိကနည်းဗျူဟာအဖြစ် အသုံးပြုလာတဲ့အတွက် ဒေသခံပြောက်ကျားတွေမှာ အခက်အခဲ သိသိသာသာ ပိုလာတာ တွေ့ရပါတယ်။ အဲသလို အခြေအနေကို ဒေသခံပြောက်ကျားတွေက ဘယ်လိုဆောင်ရွက်တုံ့ပြန်ကြသလဲဆိုတာ ဘီဘီစီက စုံစမ်းကြည့်ပါတယ်။

ရဟတ်ယာဉ်နဲ့ အင်အားသုံးတိုက်ခိုက်လာချိန်မှာတော့ ပြောက်ကျားနည်းဗျူဟာကျင့်သုံးပြီး ရှောင်တိမ်းသွားကြတယ်လို့ စစ်ကိုင်းတိုင်းပြောက်ကျားရဲဘော်ကိုခန့်က ဆိုပါတယ်။

“လေယာဉ်ပစ်လက်နက်ရဖို့ ကျွန်တော်တို့ ကြိုးစားရမှာပါ။ လေယာဥ်ပစ်လက်နက်ဆိုလို့ အမြင့်မှာ ဆယ်ဂဏန်း၊ ရာဂဏန်းချီပျံသန်းနေတဲ့ လေယာဉ်တွေကိုပစ်တဲ့လက်နက်မျိုးကို မဆိုလိုပါဘူး။ အနိမ့်ပစ်လက်နက်ကောင်းကောင်းဆိုရင် ရပါတယ်။ သူတို့ကလူတွေကို ပစ်ခတ်တော့လည်း အောက်အနိမ့်ဆင်းပြီးမှ ပစ်ရတာပါ။ ဥပမာပွိုင့်ဖိုက်လို့ခေါ်တဲ့ စက်ကြီးလိုသေနတ်မျိုး၊ တရုတ်လိုဂေါက်ကြီးသေနတ်လို့ခေါ်တဲ့သေနတ်မျိုး၊ ၃၀၃ ရိုင်ဖယ်ကျည်ဆန်နဲ့ပစ်ရတဲ့ ဘရင်းဂန်းလို သေနတ်မျိုးတ ွေလိုပါတယ်။ တချို့လည်း ပွိုင့်ဖိုက်ကျည်ထည့်ပစ်လို့ရတဲ့ တလုံးထိုး လက်လုပ်သေနတ်မျိုး ထုတ်လုပ်ဖို့ ကြိုးစားရပါမယ်။”

ABSDF ရဲဘော်ဟောင်းကတော့ အခုလိုဆိုပါတယ်။

“အာဖဂန်နစ္စတန်တို့ အီရတ်တို့မှာ ရန်သူဘက်က ရဟတ်ယာဉ်ဆင်းနိုင်လောက်တဲ့ကွင်းပြင်နေရာတွေမှာ မိုင်းကြိုထောင် တိုက်ခိုက်တာမျိုးတွေလုပ်ကြတာတွေ့ရပါတယ်။ အဲသလိုလုပ်တာများလာတော့ တဖက်ကလည်း မြေပြင်အထိမဆင်းတော့ဘဲ ရဟတ်ယာဉ်ပေါ်ကနေ စစ်သားတွေကို ကြိုးနဲ့ချပေးကြပါတယ်။ အဲဒီတော့ ကြိုးနဲ့တွယ်ဆင်းတဲ့စစ်သားတွေကို သူပုန်တွေက ငှက်ပစ်သလို အဝေးကနေ ချောင်းပစ်တာမျိုးလည်း ကြားဖူးပါတယ်။ စစ်ဆိုတာကတော့ အမျိုးမျိုးကြံဆကြတာတွေ အပြန်အလှန် ထွက်ပေါ်တတ်ပါတယ်။”

မျက်မှောက်စစ်ရေးအခြေအနေအပေါ်သုံးသပ်ချက်

စစ်သင်တန်းတက်နေတဲ့လူငယ်တချို့

မျက်မှောက်စစ်ရေးအခြေအနေမှာ ဒေသခံပြောက်ကျားတွေက နယ်မြေတချို့ကို ထိန်းချုပ်လာနိုင်တာကို ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းနဲ့ အခု ၂၀၂၂ ခုနှစ်နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ပြန်ဆင်လာပါတယ်။ ဒီတော့ အခုအခြေအနေကို စစ်ရေးမှာပါဝင်ပတ်သက်နေသူတွေနဲ့ စစ်ရေးကျွမ်းကျင်သူတွေကရော ဘယ်လိုမြင်ပါသလဲ။

ကရင်နီ(ကယား)ပြည်နယ်က ခူးအိုက်ကဖြူကတော့ ဒေသခံကရင်နီလက်နက်ကိုင်အဖွဲ့တွေဟာ ကရင်နီပြည်နေရာတော်တော်များများကို ချုပ်ကိုင်ထားနိုင်ပြီလို့ ဆိုပါတယ်။

“မြေပြင်အနေအထားမှာ ကျွန်တော်တို့က ဒီတော်လှန်ရေးမှာနိုင်နေပြီလို့ ယူဆတယ်။ တကယ်တမ်း လမ်းသွားလမ်းလာကအစ စစ်မြေပြင်ထိန်းချုပ်မှုကအစ ကရင်နီလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပီဒီအက်ဖ်တွေက စီးထားပြီးပြီလို့မြင်တယ်။ လေကြောင်းနဲ့ လာပြီးဖိအားပေးတာက တော်လှန်ရေးအတွက် ခေတ္တခဏလောက်ပဲ အဟန့်အတားဖြစ်နိုင်မယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ တစုံတရာတော်လှန်ရေးဘက်က ပြန်ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာတွေ့နိုင်မယ်လို့ ယူဆတယ်။ စစ်တပ်ယန္တရားလည်ပတ်နိုင်တာ မြို့ပေါ်ပဲကျန်တယ်။ လွိုင်ကော်ကို စစ်တပ်က ဗဟိုပြုလှုပ်ရှားနေလို့ အခုတော်လှန်ရေးအဖွဲ့တွေက လွိုင်ကော်ကို တိုက်နေတာ။ တခြားနေရာ တခြားဒေသတွေမှာ စစ်ကောင်စီစစ်တပ်တွေ ခြေကုတ်ယူထားတာ ရှိသေးပေမဲ့ လမ်းကြောင်းတွေအကုန်လုံးတော်လှန်ရေးဘက်က ထိန်းချုပ်ထားတယ်။ သူတို့စစ်တပ်တွေ ထွက်ဖို့ရွှေ့ပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒါကြောင့်လည်း သူတို့ ရဟတ်ယာဉ်တွေ သုံးလာနေတာ။”

ဦးထွန်းလှအောင်ကတော့ တနိုင်ငံလုံးအခြေအနေမှာ ပြောက်ကျားတွေဘက်က တိုက်ခိုက်စိုးမိုးနိုင်တာတွေရှိပေမဲ့ စစ်ကောင်စီကို လုံးဝအနိုင်ရနိုင်မဲ့ အခြေအနေကိုရောက်ဖို့တော့ အများကြီးလိုသေးတယ်လို့ ဆိုပါတယ်။

“စစ်ရေးသဘောတရားအရပြောမယ်ဆိုရင်တော့ ရေရှည်စစ်ရဲ့ ပထမအဆင့်ပဲ။ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က သေနင်္ဂဗျူဟာ ခံစစ်အဆင့်ပဲရှိသေးတယ်။ နိုင်ငံရေးဘက်ကကြည့်ရင်တော့ လူထုကြီးတရပ်လုံးက စစ်ကောင်စီကို ဝိုင်းထားတာပေါ့ဗျာ။ ဒါပေမဲ့ စစ်ရေးအရပြောရင် စစ်ကောင်စီက လက်နက်အင်အားသာလွန်နေသေးပြီး တော်လှန်ရေးအဖွဲ့အစည်းတွေက လက်နက်အင်အားနိမ့်ကျနေသေးတဲ့ အခြေခံအကြောင်းအချက် အောက်မှာဆိုရင် သေနင်္ဂဗျူဟာ ခံစစ်ပဲရှိပါသေးတယ်။ ရေရှည်သွားရဦးမယ်။ အချက်အလက်တွေကတော့ ပြောစရာအများကြီးပေါ့ဗျာ။ တစ်အချက်က စစ်ရေးအရ တညီတညွတ်တည်းဦးစီးနိုင်တဲ့ တက်ကြွတဲ့ တပ်ဦးတခု မရှိသေးတာလည်း အားနည်းချက်တခုဖြစ်တယ်။ NUG ကအဲဒီနေရာကိုယူနိုင်မယူနိုင်ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ နောက်တခုကတိုင်းရင်းသား EAO တွေထဲမှာလည်း တချို့မပြတ်မသားတွေ ရှိနေသေးတယ်လေ။ ဒီအခြေအနေအောက်မှာတော့ တော်တော်လုပ်ယူရဦးမယ် ထင်တယ်။ ဒါပေမဲ့ တကယ့်တိုက်ပွဲအဆုံးအဖြတ်ကတော့ မြေပြင်ပဲ။ လေကြောင်းက အဆုံးအဖြတ်မပေးနိုင်ပါဘူး။ ဘယ်စစ်ပွဲကြည့်ကြည့် မြေပြင်တိုက်ခိုက်ရေးက အဓိကပဲ။ ပြောက်ကျားတွေက ပြောက်ကျားဆန်ဆန်နဲ့ နေရာအတည်တကျမဟုတ်ဘဲနဲ့ သိုသိုသိပ်သိပ်လျှို့ဝှက်လှုပ်ရှားနိုင်ရင် လေကြောင်းတိုက်ခိုက်မှုတွေက ဘာမှအရာမရောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။”

အခုအချိန်မှာ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းကို အဓိကထားပြီး သဲသဲမဲမဲ ထိုးစစ်ဆင်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ တခြား EAO နယ်မြေတွေမှာလည်း အနိမ့်ဆုံးအဆင့် တပ်ချင်းဆိုင်ထားရသေးသလို မြို့ပေါ်လုံခြုံရေးကိုလည်း ပစ်ထားလို့မရသေးဘူးလို့ ဦးထွန်းလှအောင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းနယ်မြေဟာလည်း ချင်းပြည်နယ်၊ မကွေးတိုင်းတွေအထိ ဆက်စပ်နေသလို၊ မြောက်ဘက်မှာ ကချင်ပြည်နယ်နဲ့ထိစပ်နေပါတယ်။ အရင်က ရွှေကူရဲ့အောက်ဘက်မှာ စစ်ရေးလှုပ်ရှားမှု မတွေ့ရပေမဲ့ အခုအခါ ကသာ၊ ကောလင်း၊ ထီးချိုင့်ဘက်မှာအထိ စစ်ရေးလှုပ်ရှားမှုတွေ့မြင်နေရသလို၊ ဗန်းမောက်၊ ပင်လည်ဘူး၊ တန့်ဆည်ဘက်တလျှောက်မှာလည်း တိုက်ခိုက်မှုတွေ ကြားသိနေရပါတယ်။ မတ္တရာနယ်ဘက်မှာလှုပ်ရှားမှုတွေရှိနေတဲ့အတွက် ရှမ်းပြည်နယ်ဘက်နဲ့ တချိန်ချိန်မှာ တဆက်တည်းဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်မလာဘူးလို့ စစ်ကောင်စီအနေနဲ့ ယုံကြည်စိတ်ချထားလို့ မရပါဘူး။

လက်ရှိအခြေအနေမှာ မြို့ပြပြောက်ကျားတိုက်ပွဲတွေ တော်တော်အေးဆေးငြိမ်သက်သွားတာကတော့ စစ်ကောင်စီ အတွက် သက်သာရာရစေပါတယ်။ ဒါပေမဲ့ မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေဟာ အပြီးတိုင်နိဂုံးချုပ်သွားပြီလို့ပြောဖို့အတွက် စောနေပါသေးတယ်။

လက်ရှိစစ်ရေးအခြေအနေတခုလုံးကိုခြုံငုံကြည့်ရင်လည်း စစ်ကောင်စီက လုံးဝအနိုင်ရပြီး ငြိမ်သက်အောင်ထိန်းချုပ်နိုင်မဲ့ အလားအလာမတွေ့မြင်ရသလို၊ တော်လှန်ရေးပြောက်ကျားအဖွဲ့တွေက အနိုင်ရနိုင်လိမ့်မယ်လို့ပြောဖို့လည်း အလှမ်းကွာနေသေးတဲ့ သောင်မတင်ရေမကျ အခြေအနေတခုမှာသာရှိနေပါသေးတယ်။

ဆောင်းပါးရင်းမြစ် – ဘီဘီစီမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *