မြန်မာ့အရေး အီးယူနဲ့ကမ္ဘောဒီးယားဆွေးနွေး

မြန်မာအာဏာသိမ်းစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အီးယူ ဥရောပ သမဂ္ဂက ရှုတ်ချသလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို အာဏာပြန်လည်အပ်နှင်းပြီး နိုင်ငံရေးအကျဥ်းသားတွေအားလုံးကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်က တောင်းဆိုလိုက်ပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပါ့ခ် ဆော့ခ်ဟွန်းနဲ့ ဆက်သွယ်ပြောဆိုစဥ်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့အညီ လိုအပ်နေသူတွေထံကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အတားအဆီးမရှိ ပံ့ပိုးပေးနိုင်ဖို့ကိုလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတခု အမြန်ဆုံး ရှာဖွေကြဖို့ကိုလည်း အီးယူအကြီးအကဲဘက်က အလေးပေးပြောဆိုခဲ့တယ်လို့ အီးယူဘက်က သတင်းထုတ်ပြန်ပါတယ်။

အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကနေသာ အဖြေတခု ထွက်လာနိုင်တယ်လို့ အီးယူဘက်က ယူဆပြီး အဲဒီလိုမျိုး လုပ်ငန်းစဥ်တရပ်ထွက်လာဖို့ကိုလည်း ထောက်ပံ့ကူညီသွားမယ်လို့ အီးယူဘက်က ကတိပြု ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ် – ဘီဘီစီမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *