အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ – မြန်မာနယ်စပ်မြို့တွေက ငွေလိမ်ဂိုဏ်းတွေ လူငယ်တွေကို အသုံးချနေ

ဆိုရှယ်မီဒီယာက အလုပ်အကိုင်ရှာဖွေရေးဂရုတွေ၊ အလုပ်ရှာတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နယ်စပ်မြို့တွေမှာ အွန်လိုင်းဂိမ်းလုပ်ငန်း၊ ကာစတန်မာဆားဗစ်၊ အွန်လိုင်းမားကက်တင်း၊ ဟိုတယ်နဲ့ ကာစီနိုဝိုင်းတွေမှာ ရုံးဝန်ထမ်းအလုပ်လုပ်ရမယ်၊ လစာ အနေနဲ့ကျပ်ငွေ ၁၀ သိန်းနဲ့ ၁၅ သိန်းကြား ရမယ်ဆိုတဲ့ အလုပ်ခေါ်စာတွေကို တွေ့ဖူးကြမှာပါ။

အဲဒီအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေထဲမှာ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ အရေး၊ အပြော ကျွမ်းကျင်ရမယ်လို့ ဖော်ပြထားတတ်ပါတယ်။ တချို့အလုပ်ခေါ်စာတွေမှာဆို အသက်အရွယ် ကန့်သတ်ထားပြီး လူငယ်တွေကို ဦးစားပေး အလုပ်ခေါ်ထားပါတယ်။

အလုပ်ရှာပေးတဲ့ပွဲစားတွေကလည်း ဒီလိုအလုပ်တွေကို ပြောပြတတ်ပါတယ်။ ဒါကြောင့် အများစုက ကုမ္ပဏီလုပ်ငန်းအလုပ်၊ ရုံးအလုပ်နဲ့ ဝန်ဆောင်မှုပေးရတဲ့အလုပ်လို့ ယူဆကြပါတယ်။

အခုလို အာဏာသိမ်းထားတဲ့အခြေအနေမှာ ပြည်တွင်းလုပ်ငန်းအများစု ရပ်တန့်နေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားချိန်မှာ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါးနေပါတယ်။

အာဏာမသိမ်းခင်က ကျောင်းပြီး ဘွဲ့ရခဲ့သူတွေက လုပ်ငန်းခွင် အတွေ့အကြုံသစ်နဲ့ အလုပ်အကိုင်တွေ ရှာဖွေနေချိန်နဲ့ ရန်ကုန်လိုမြို့ကြီးမှာ လူငယ်တွေနေဖို့ မလုံခြုံတာတွေကြုံတွေ့နေရချိန်မှာ ဒီလို လစာများပြီး ပညာအရည်အချင်း ကောင်းကောင်းနဲ့ခေါ်တဲ့ အဲဒီအလုပ်တွေကို လူငယ်တွေက စိတ်ဝင်စားကြပါတယ်။

အမှန်တကယ်ပဲ လူငယ်တွေ မျှော်လင့်ထားသလို ဖြစ်ခဲ့ပါသလား။ နယ်စပ်မြို့တချို့ကိုရောက်သွားပြီး ကိုယ်တိုင်ကြုံတွေ့ရသူ လူငယ်သုံးဦးက သူတို့ ဇာတ်လမ်းတွေကို ပြောပြကြပါတယ်။

ယုံကြည်ရသူအပြောကြောင့် လောက်ကိုင်ရောက်သွားသူ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့

အသက်၂၀ အရွယ် ကိုအောင်သီဟဟာ ရန်ကုန်က အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ Content Writer – ကုန်ပစ္စည်းအညွှန်းကြော်ငြာရေးသူတစ်ယောက်ပါ။ အာဏာသိမ်းပြီးတဲ့နောက် သူအလုပ်လုပ်တဲ့ ရန်ကုန်မြို့က အွန်လိုင်း ဝန်ဆောင်မှု ကုမ္ပဏီဟာ လုပ်ငန်းမလုပ်ရတော့သလောက်ဖြစ်လာလို့ သူ့ရဲ့လစာတွေအလျှော့ခံလာရပါတယ်။ ရတဲ့လစာဟာ မိသားစုနဲ့သူ့အတွက် မလုံလောက်တော့ပါဘူး။

အလုပ်အသစ်ရှာနေတဲ့ ကိုအောင်သီဟကို ဆွေမျိုးမကင်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ခင်ပွန်းက လောက်ကိုင်မြို့က အလုပ်တစ်ခုကို ကမ်းလှမ်းလာပါတယ်။ တစ်လကို ငွေကျပ် ၁၂ သိန်းအနည်းဆုံးရမယ့် အဲဒီအလုပ်ကို ကိုအောင်သီဟ စိတ်ဝင်စားခဲ့ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေများတဲ့ ရန်ကုန်မြို့မှာ နေရတာ မလုံခြုံဘူးလို့ ခံစားလာရတာရော၊ လစာကောင်းတဲ့အလုပ်ဖြစ်တာရော၊ ဆွေမျိုးမကင်းသူကပြောတဲ့ အလုပ်ဖြစ်နေတာရော စတဲ့ အချက်တွေက ကိုအောင်သီဟကို လောက်ကိုင်မြို့ကို သွားဖို့ စေ့ဆော်မှုတွေဖြစ်ခဲ့ပါတယ်။ ဆွေမျိုးမကင်းသူက ပြောတဲ့အလုပ်ဖြစ်လို့ ကိုအောင်သီဟအပါအဝင်နောက်ထပ် ညီဝမ်းကွဲတစ်ယောက်နဲ့ သူငယ်ချင်းတစ်ယောက်တို့ အပါအဝင် ၃ ဦးဟာ လောက်ကိုင်ကို လိုက်သွားခဲ့ကြတာပါ။

“ကိုယ့်အမျိုးလို ဖြစ်နေတဲ့ သူကလာခေါ်တော့ ယုံကြည်ခဲ့တယ်။ နောက်တစ်ခုက အွန်လိုင်းဂိမ်းကုမ္ပဏီတစ်ခုမှာ အင်္ဂလိပ်လို အီးမေးလ်ပြန်ပေးရမယ့်အလုပ်ကို လုပ်ရမယ်ဆိုတော့ ကျွန်တော်ထင်လိုက်တာ သမ္မာအာဇီဝအလုပ်လို့ပဲ ထင်လိုက်တာ။ ဒါပေမဲ့ လက်တွေ့မှာတော့ လူတွေကို အွန်လိုင်းကနေ ငွေလိမ်ရတဲ့အလုပ်ဖြစ်နေတယ်” လို့ ကိုအောင်သီဟက ပြောပြပါတယ်။

အွန်လိုင်းကနေ ဘယ်လို လိမ်ရလဲ

ချောမောလှပြီး ထင်ရှားကျော်ကြားသူမဟုတ်တဲ့ နိုင်ငံရပ်ခြားက အမျိုးသမီးငယ်လေးတွေရဲ့ ပုံတွေ၊ ဗွီဒီယိုတွေကိုသုံးပြီး ဥရောပအပါအဝင် ကမ္ဘာတလွှားက အမျိုးသားတွေကို Account – အကောင့်အတုနဲ့ အွန်လိုင်းကနေ လိမ်လည်တဲ့အလုပ်ကို လုပ်ရတာပါ။

ဒီလုပ်ငန်းဟာ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာပဲရှိတာ မဟုတ်ပါဘူး။ ကရင်ပြည်နယ်၊ မြဝတီနဲ့ ရွှေကုက္ကိုမြို့သစ်လိုနေရာ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နဲ့ ရှမ်းမြောက် မူဆယ်လို နယ်စပ်မြို့တွေမှာ လည်း ရှိပါတယ်။

လောက်ကိုင်တစ်မြို့ထဲမှာတောင် အွန်လိုင်းကနေ ငွေလိမ်တဲ့အဲဒီလိုလုပ်ငန်းဟာ ရာဂဏန်းအထိ ရှိနေတယ်လို့ ပြောကြပါတယ်။ အဲဒီလုပ်ငန်းအများစုရှိတဲ့နေရာတွေဟာ လျှို့ဝှက်လွန်းပြီး လက်နက်ကိုင်အစောင့်တွေက အမြဲစောင့်နေတဲ့နေရာတွေ ဖြစ်ပါတယ်။

ကိုအောင်သီဟတို့ ၃ယောက် လျှို့ဝှက်လွန်းတဲ့ အဲဒီနေရာကို စရောက်တဲ့နေ့က မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူ တရုတ်အမျိုးသားတစ်ယောက်က သူ့ကို အင်တာဗျူးမေးခဲ့ပြီး အင်္ဂလိပ်ဘာသာစကားကို အဓိကစစ်မေးတယ်လို့ ဆိုပါတယ်။

“အဲဒီလူက ပိုင်ရှင်ရဲ့လူယုံပေါ့။ ကျွန်တော်တို့သုံးယောက်ထဲ ဘယ်သူ အင်္ဂလိပ်စာရလဲဆိုတာကိုပဲ အရင်မေးတာ။ စစ်လိုက်တော့ ကျွန်တော်က အရမ်းပြောနိုင်တော့ ကျွန်တော့်ကို အဆင့် အေ မှာထားမယ်။ ကျန်တဲ့ နှစ်ယောက်က အဆင့်ဘီထားမယ်ဆိုပြီး တခါတည်းဆုံးဖြတ်တယ်။ နေရာတွေချပေးတယ်”

သူတို့ အဲဒီကိုရောက်ပြီး တစ်ရက်ထဲမှာပဲ အွန်လိုင်းကနေ ငွေလိမ်ရမယ့်အလုပ်ဆိုတာကို အရင်ရောက်နေတဲ့ လုပ်ဖော်ကိုင်ဘက်တွေဆီက သိခဲ့ကြပါတယ်။

သူတို့ ၃ ယောက်ကို ကွန်ပျူတာအသစ်တွေ ဆင်ထားတဲ့ စားပွဲခုံတွေမှာ နေရာပေးပြီး တစ်ယောက်ကို ကွန်ပျူတာတလုံး၊ iPhone တံဆိပ်ဖုန်းအသစ် ၂လုံးစီ နဲ့ မိုင်တယ်လ်ဆင်းကတ် ၂ ကတ်စီ ထုတ်ပေးတယ်လို့ ဆိုပါတယ်။ မိုင်တယ်လ်ဆင်းကတ်ကို သုံးပြီး နဲ့ ဖုန်းတွေကို အက်တီဗိတ်လုပ်ရသလို ဖုန်းတစ်လုံးကို Instagram အကောင့် သုံးခု၊ WhatsApp နဲ့ တယ်လီဂရမ်လို စကားပြောနိုင်တဲ့ ဆိုရှယ်အက်ပ်တွေကို လိုက်ဖွင့်ကြရတာပါ။

Instagram အကောင့် ၆ ခုလုံးကို မတူညီတဲ့ ငွေကြေးချမ်းသာတဲ့ ကိုရီးယားအမျိုးသမီးငယ်နာမည်တွေနဲ့ ပုံတွေကို အသုံးပြုပြီး ဖွင့်ရတယ်လို့ ဆိုပါတယ်။

ကိုရီးယား မိန်းကလေးပုံနဲ့ ဇာတ်ကောင်တွေ ဖန်တီး

ကြယ်ငါးပွင့်အဆင့် ဒါမှမဟုတ် နာမည်ကြီးဟိုတယ်တစ်ခုရဲ့ Check In တွေကနေ အဲဒီလိုချမ်းသာပြီး မထင်ရှားတဲ့ ကိုရီးယားအမျိုးသမီးငယ်တွေကို လိုက်ရှာရတာမျိုးပါ။ ရုပ်ရည်အသင့်အတင့်ရှိသူ၊ နာမည်ကြီးတံဆိပ်တွေ ကိုင်နိုင်သူ၊ အသက် ၃၅ နှစ် မကျော်သူ စတာတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေကို အဓိကထားပြီး ရှာဖွေရတာပါ။

ပြီးရင်တော့ ရှာဖွေထားတဲ့ ဓါတ်ပုံပိုင်ရှင်နဲ့ အသက်တူတဲ့ နောက်ထပ် ကိုရီးယား သူ့ရဲ့မွေးနေ့၊ နေရပ်၊ အလုပ်အကိုင်နဲ့ ဝါသနာတွေကို စုစည်းပြီး ကာရိုက်တာ ( ဇာတ်ကောင်)တစ်ခု ဖန်တီးတည်ဆောက်ရတာပါ။

ငွေမလိမ်ရခင်မှာ လိမ်ဖို့အတွက် အဲဒီလိုပြင်ဆင်ရတာပဲ တစ်လလောက် အချိန်ယူပြီး ခိုင်းထားတယ်လို့ ဆိုပါတယ်။

“ကိုရီးယားမလေးတွေ ပုံတွေကို ရှာရတယ်။ သူတို့ကိုပြရတယ်။ အဆင်ပြေမပြေပေါ့။ အဓိက ရုပ်ချောရတယ်။ ကိုယ်ရှာထားတဲ့သူက ဆယ်လ်ဖီဓာတ်ပုံ နဲ့ ဗီဒီယို လေးငါးရှစ်ရာလောက် အနည်းဆုံး ရှိရမယ်။ ရုပ်မဆိုးရဘူး။ ပုံရပြီဆိုရင် ခုနက ဖန်တီးထားတဲ့ နာမည်နဲ့ ကာရိုက်တာကိုသုံးပြီး တစ်နေ့ကို အကောင့်တုကနေ တစ်နာရီခြားတစ်ခါ ပုံတင်ရတယ်။ ရက်ခြားလောက် ဗွီဒီယိုတင်ရတယ်။ အလှူအတန်းလုပ်တဲ့ပုံတွေ၊ လုပ်ငန်းလုပ်တဲ့ပုံတွေကအစ ရှာရတယ်။ ယုတ္တိရှိအောင်လေ” လို့ ကိုအောင်သီဟက ပြောပြပါတယ်။

အဲဒီအတွက် တစ်လကို တရုတ်ငွေ ၆၀၀၀ မက်လုံးပေးထားပြီး နဲ့ ၃လ စာချုပ်ချုပ်ရတာပါ။ အဲဒီအတွင်း လိမ်ရမယ့် လူတွေ့အောင် ရှာကြရတာပါ။ ၃ လအတွင်း တစ်ဖက်လူ ခင်မင်ရင်းနှီးအောင် ပြောဆိုရပြီး ငွေထည့်လာတဲ့အထိ ယုံကြည်အောင် ပြောဆိုရတာမျိုး လုပ်ရတာပါ။

“စစရောက်ချင်းကတော့ Instagram အကောင့်တွေကို ခိုင်အောင် မွေးခိုင်းတာပေါ့။ အဲဒီလိုကနေ လူတွေကိုလည်း အယောက် ၅၀လောက် ရှာပြောရတယ်။ ၃ရက်လောက် အတွင်း တစ်ဖက်ကလူ ကိုယ့်ဘက်ပါအောင် ပြောကြဖို့လည်း ညတိုင်း အစည်းအဝေးမှာ ပြောတယ်။”

ဒီလိုကြုံတွေ့နေရတာ ကိုအောင်သီဟတို့ တင်မကပါဘူး။ အသက် ၂၃ နှစ်အရွယ် ကွတ်ခိုင်က ဆိုင်းနော်ဆိုတဲ့ အမျိုးသမီးငယ်လေး နဲ့ နမ္မတူက ကိုမြတ်သူရတို့လည်း ပါဝင်ပါတယ်။ ဘီဘီစီအနေနဲ့ သူတို့ ၃ ယောက်လုံးနဲ့ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဂိမ်းထဲဝင်ဖို့ နည်းအမျိုးမျိုးနဲ့ စည်းရုံး

မဆိုင်းနော်ဆိုရင် လားရှိုးက ပွဲစားရဲ့ လောက်ကိုင်က ကာစီနိုဝိုင်းမှာ ဝန်ထမ်းသဘောမျိုး လုပ်ရမယ်၊ တရုတ်ငွေ တစ်လကို တရုတ်ငွေ ၆၀၀၀ ခန့်ရမယ်ဆိုတဲ့အပြောကြောင့် သူလည်းစိတ်ဝင်စားခဲ့ပြီး နောက်ထပ်သူငယ်ချင်းတစ်ယောက်နဲ့ သွားခဲ့တယ်လို့ ဆိုပါတယ်။ ကိုမြတ်သူရဆိုလည်း အလားတူပွဲစားရဲ့ စေ့ဆော်မှုကြောင့် ရောက်ခဲ့တာပါ။

ဘယ်လိုလုပ်ငန်းတွေကိုအကြောင်းပြပြီးယုံကြည်အောင်ပြောဆိုရတာလဲ။

ဒေသအခေါ်တရုတ်ငွေလိမ်ဂိုဏ်းတွေလို့ခေါ်တဲ့ အဲဒီအလုပ်တွေဟာ Cryptocurrency နဲ့ Bitcoin လို့ခေါ်တဲ့ အွန်လိုင်းငွေကြေး နဲ့ ရှယ်ယာအရောင်းအဝယ်လုပ်တဲ့ ဂိမ်းတစ်ခု ဒါမှမဟုတ် ဝက်ဘ်ဆိုက်တစ်ခုမှာ ဒေါ်လာ ၂၀၀ ဖြစ်ဖြစ် ယူရို၂၀၀ ဖြစ်ဖြစ် အနည်းဆုံးထည့်ပြီး ဝင်ရောက်ကစားဖို့ ဆွဲဆောင်ရတာပါ။ ပထမတစ်ကြိမ်၊ နှစ်ကြိမ်မှာ ငွေကြေးထည့်သွင်းသူက အမြတ်ရတာ နိုင်တာမျိုးတွေ ရှိတာပါ။

တစ်ဖက်လူက ငွေကြေးအရင်းအနှီးနည်းချိန်မှာ ပေးနိုင်တာ အမြတ်ပေးတာတွေ လုပ်ထားတာကြောင့် ဒေါ်လာထောင်ချီ ငွေကြေးရင်းနှီးမြုပ်နှံမှု များလာချိန်မှာ ငွေတွေကို ငွေလိမ်ဂိုဏ်းက ယူလိုက်တာပါ။

အဲဒီနောက် အရှုံးကို ငွေနဲ့ထပ်လိုက်ဖို့ စည်းရုံးသိမ်းသွင်းရပြီး ငွေကြေးထပ်ပြီး ရင်းနှီးမြှုပ်နှံ ဆော့ကစားဖို့ ဆွဲဆောင်ပြောဆိုပြီး နောက်ထပ် ငွေထပ်လိမ်ရတာပါ။

အဲဒီအလုပ်တွေမှာ နေ့ဆိုင်း၊ ညဆိုင်း နှစ်ဆိုင်းရှိပါတယ်။ နေ့ဆိုင်းက အာရှက လူတွေကို လိမ်ရတာဖြစ်ပြီး၊ ညဆိုင်းကတော့ ဥရောပနဲ့အနောက်နိုင်ငံတွေကို ပစ်မှတ်ထားတာပါ။

“Bitcoin တခုကို ဒေါ်လာ ၆ သောင်းကျော် (သူဖြေဆိုချိန်တန်ဖိုး) တန်တယ်လေ ။ နိုင်ငံခြားသားတွေမှာက အဲဒါရှိတယ်။ ဆိုတော့ အဲဒီလူတွေက ကိုယ့်ဆီမှာ လာဆော့အောင် ဝက်ဘ်ဆိုက်အတုနဲ့ စည်းရုံးထားတာ။ ပြီးရင် ကိုယ်က WhatsApp နဲ့ တယ်လီဂရမ်ကို ခေါ်လာရင် သူတို့က ဆက်ပြောတာ။ ကိုယ်က လူရှာပြီး ဟိုဘက်ကလူ ယုံအောင် လုပ်ပေးရတာ။ ငွေလွှဲတော့မယ်ဆိုရင် သူတို့(တရုတ်)တွေကို လွှဲပေးရတယ်။ သူတို့ ဆက်ပြောတာ” လို့ အဲဒီငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေသူတချို့က သူတို့လုပ်ကိုင်ရတာကို ပြောပြပါတယ်။

ငွေကြေးကစားသူတွေ ယုံကြည်အောင် ဝက်ဘ်ဆိုက်အတုတွေနဲ့ ဖန်းတီးထားလို့ တော်ရုံလူတွေက လုံးဝရိပ်မိတာမျိုး မရှိကြဘူးလို့ အဲဒီငွေလိမ်ဂိုဏ်းတွေကို ရောက်သွားသူတွေက ပြောပြကြပါတယ်။

“ကျွန်တော်တို့က ယောက်ျားလေးတွေ။ ဒါပေမဲ့ ကောင်မလေးပုံစံနဲ့ ပြောနေရတာလေ။ တကယ်လို့ ဟိုဘက်က ဖုန်းခေါ်လာရင် တစ်ခါ ၊ နှစ်ခါ ငြင်းရတယ်။ ငြင်းလို့မယုံသလို ဖြစ်လာတယ်။ သူကလည်း ငွေထည့်မယ့် အခြေအနေရှိတယ်ဆိုရင် သူတို့(တရုတ်လူယုံ)စီစဉ်ထားတဲ့ ကောင်မလေးတွေ ရှိတယ်။ အဲဒီကောင်မလေးတွေက စက္ကန့်ပိုင်း ခဏလေး ပြောပေးတယ်။ ဗွီဒီယိုကောတွေ ခေါ်လာရင် ဈေးပေါတယ် မကိုင်ချင်ဘူးဆိုပြီး အကြောင်းပြ ငြင်းရတယ်။ တကယ်လို့ ငွေထည့်ဖူးတယ်။ ထပ်ထည့်မယ့်သူဆို ရုပ်ဆင်တဲ့ ချောတဲ့ တရုတ်မလေးတွေကို စီစဉ်ထားတယ်။ ဖြတ်ကနဲပြပြီး ဖုန်းကို ချပစ်ရတယ်” လို့ ကိုအောင်သီဟက ပြောပြပါတယ်။

လိမ်တဲ့အခါမှာလည်း လိမ်မယ့်သူဟာ တစ်ဖက်လူနေထိုင်တဲ့ နိုင်ငံမှာ အတူတူရှိကြောင်း ဂူးဂဲလ်ကနေ Location – တည်နေရာပြောင်း၊ ယုံကြည်အောင်ပြောဆိုပြီး ပိပိရိရိနဲ့လိမ်လည် လုပ်ကိုင်ကြရတာပါ။

“ကျွန်တော် အခုပြောနေတဲ့သူဆို အင်ဒိုနီးရှားကလူတစ်ယောက်နဲ့ ပြောနေရတယ်။ အင်ဒိုမှာက အထည်အလိပ်လုပ်ငန်းတွေ လုပ်ကြတယ်လေ။ အဲဒီတော့ ကျွန်တော်က ကိုရီးယားက စီးပွားရေးလုပ်ငန်းလုပ်တဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ အခု အင်ဒိုနီးရှားက ဘယ်မြို့မှာ ရောက်နေတယ်။ ဘယ်နေရာက လည်ပတ်လို့ကောင်းလဲဆိုပြီး လိမ်ပြောပြီး ယုံကြည်အောင် အင်ဒိုနီးရှားက တခြားမြို့တစ်ခုရဲ့ Location ကို ပို့တာပေါ့။ အဲဒီကနေ ခင်မင်အောင်လုပ်ပြီး စည်းရုံးရတာ။ အဲဒီ Location ကိုကျတော့ ဂူးဂဲလ်ကနေ သွားပြောင်းရတာ။ အဲဒါလည်း တရုတ်တွေက လုပ်ပေးထားတာ။ အဲဒီလိုနဲ့ ယုံလာတော့မှ ငါက တခြားစီးပွားရေးအနေနဲ့ Cryptocurrency လည်း လုပ်တယ်။ ဘယ်လောက်မြတ်နေတယ်ဆိုပြီး စည်းရုံးရတာ လို့” ကိုမြတ်သူရက သူတို့လိမ်လည်နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *