ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု ဒီနေ့ စတင်စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။

ဒီနေ့တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ယခင် စစ်ဆေးလက်စ အဂတိမှု ငါးမှုထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အမှု လေးမှုအတွက် တရားလိုပြသက်သေ ဒေါက်တာသန့်သော်ကောင်းကို စစ်ဆေးဖို့ရှိပေမယ့် သက်သေ ရောက်မလာခဲ့တာကြောင့် ဒီလေးမှုလုံးကို လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

အဲဒီနောက် သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်းဒေါက်တာဝင်းမြတ်အေးတို့နဲ့အတူ စွဲဆိုခံထားရတဲ့ အဂတိမှု ငါးမှုကို ရုံးတော်က ခေါ်ယူခဲ့ပြီး အဲဒီအမှုငါးမှုလုံးအတွက် လိုက်ပါဆောင်ရွက်မယ့်ရှေ့နေ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့တယ်လို့သိရပါတယ်။

ထပ်တိုးအမှုငါးမှုလုံးကို စစ်ဆေးဖို့ ဖေဖော်ဝါရီ ၄ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုနောက်ထပ်ထပ်တိုးတရားစွဲထားတဲ့ အဂတိမှုငါးမှုအနက် သုံးမှုဟာ ရဟတ်ယာဉ်တစ်စီးကို ငှားရမ်းသုံးစွဲမှုနဲ့ပတ်သက်ပြီး နှစ်မှုကတော့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူတာနဲ့ ပတ်သက်တယ်လို့လည်း သိရပါတယ်။

အမှုမှာအတူစွဲဆိုခံထားရတဲ့ ဒေါက်တာဝင်းမြတ်အေးကတော့ လက်ရှိမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူကယ်ပြန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

လက်ရှိမှာဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ၊ ရင်ဆိုင်လက်စ အဂတိမှု ငါးမှု ၊ တခါ စစ်ကောင်စီက အခုထပ်တိုးတရားစွဲလိုက်တဲ့အဂတိမှု ၅ မှုနဲ့ဆိုရင် စုစုပေါင်းအမှု၁၁ မှု ရင်ဆိုင်ရဖို့ရှိနေပါတယ်။

ယခင်စွဲဆိုထားတဲ့အမှုတွေအနက် ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအမှု ၂ ခု၊ ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေးဥပဒေ အမှုတွေအတွက် စုစုပေါင်းထောင်ဒဏ် ၆ နှစ်ကိုချမှတ်ခံထားရပြီဖြစ်သလို သမတ ဦးဝင်းမြင့်ဟာလည်း ပုဒ်မ ၅၀၅(ခ) ၊ သဘာဝဘေးပုဒ်မ တို့နဲ့ စုစုပေါင်းထောင်ဒဏ် ၄ နှစ်ကျခံထားရပါတယ်။

သတင်းရင်းမြစ်-ဘီဘီစီမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *