စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကို ဘယ်လို ရပ်တန့်နိုင်မလဲ

အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ လေကြောင်းအသုံးပြု တိုက်ခိုက်သလို လက်လုပ် စစ်လက်နက်ပစ္စည်းတွေကို အားထားပြီး အာဏာရှင်ကို ခုခံတော်လှန်နေကြတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာလည်း လေကြောင်းပစ်ကူကို ဆက်တိုက်အသုံးပြုနေပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်မှုဟာ တော်လှန်ရေးအဖွဲ့တွေအပြင် အရပ်သားပြည်သူတွေကိုပါ ထိခိုက်စေတာ ဖြစ်ပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုကို ဘယ်လိုနည်းလမ်းတွေနဲ့ ခုခံကာကွယ်နိုင်မလဲ။ စစ်တပ်ကနေ CDM လုပ်လာတဲ့ အရာရှိတဦး အကြံပြုတာက- လေယာဉ်ဆီ ပြတ်တောက်အောင် ဖြတ်တောက်ဖို့၊ စစ်တပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ပြန်လည်ပစ်ခတ်ဖို့တို့ ဖြစ်ပါတယ်။

“သူ့ကို(လေယာဉ်တွေ) ပြန်ပြီး ပစ်ချနိုင်တဲ့ အနေအထားကတော့ အကာင်းဆုံးပေါ့နော်။ အဲဒီလောက်ထိ လက်နက် မပြည့်စုံသေးရင်တောင် လေယာဉ် စက်သုံးဆီတွေကို နိုင်ငံတကာနဲ့ ပြည်တွင်းနဲ့ ကန့်သတ် ဖြတ်တောက်နိုင်မယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုရှိမယ်။ ဒုတိယတစ်ပိုင်းကတော့ ကျွန်တော်တို့မှာ ရှိတဲ့ စက်သေနတ်တွေနဲ့ လေယာဉ်တွေကို ပစ်ခတ်တဲ့ အယူအဆတွေကို သိရှိနားလည်ထားပြီး ပြန်လည်ခုခံနိုင်မယ်ဆိုရင် သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့ အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါတယ်။ တတိယအဆင့် သာလျှင် အဆင့်မြင့် ပဲ့ထိန်းလက်နက်ပေါ့နော်။ အဲဒါကတော့ ပခုံးထမ်း ဒုံးလိုဟာမျိုးတွေ ဒါတွေရရင် အကောင်းဆုံးပေါ့။ ဒါတွေ မရသေးရင်တောင် ရှေ့က နှစ်ဆင့်နဲ့ လုပ်နိုင်တယ်ဆိုရင် စစ်ကောင်စီရဲ့ ရှေ့တန်းမှာ လေကြောင်းအပြင်းအထန်လုပ်နေတာကို အတိုင်းအတာတစ်ခုအထိ ကန့်သတ် ဟန့်တားနိုင်မယ်လို့ ယုံကြည်ပါတယ်။”

“အခုကတော့ လူထုမှန်းမသိ လက်နက်ကိုင်မှန်းမသိ သူတို့ (စစ်တပ်) လုပ်နေပြီ။ ဒါက အပြင်းထန်ဆုံးအခြေအနေကို ရောက်နေပြီလို့ ပြောလို့ရတယ်”

လေကြောင်းရန် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လုပ်ဆောင်လို့ ရသလို တော်လှန်ရေးအဖွဲ့တွေ လုပ်ဆောင်နိုင်မယ့် အပိုင်းတွေလည်း ရှိတယ်လို့ CDM ဗိုလ်ကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်သစ္စာက ပြောပါတယ်။

“ကျွန်တော်တို့ အစိုးရက နိုင်ငံတကာနဲ့ UN ကို No Fly Zone တွေ သတ်မှတ်ပေးခိုင်းလို့ရမယ်၊ တော်လှန်ရေး ရဲဘော်တွေအနေနဲ့ လုပ်လို့ရတာကတော့ လေယာဉ်ကွင်းတွေ၊ လေယာဉ်တွေ ထားတဲ့ အဆောက်အအုံတွေကို စစ်ရေးပစ်မှတ်တွေအဖြစ် သဘောထားတိုက်ခိုက်မယ်ဆိုရင် သူတို့လေယာဉ်တွေ တက်လို့မရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ပြန်လည်ပစ်ခတ်မှု အပိုင်းမှာဆိုရင်တော့ ကျွန်တော်တို့အဓိက စဉ်းစားရမှာက ရန်သူ ရဲ့ လက်နက်၊ ရန်သူရဲ့လေယာဉ်ပေါ့ သူတို့ဘာတွေသုံးလဲဆိုတာ သိရမယ်၊ နောက်ပြီးတော့ ကိုယ့်လက်နက်နဲ့ ဘယ်လောက်ထိရောက်လဲ၊ အဲ့ဟာကို သိပြီးတော့မှ ပစ်ခတ်ပုံ ပစ်ခတ်နည်းမှာတော့ လေယာဉ်လာတဲ့ လမ်းကြောင်းကို ကြိုတင်ပစ်ခတ်မှုတွေ လုပ်ရမယ်။”

မတ်လကစပြီး ချင်း၊ ကယား၊ ကရင်၊ ကချင်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ် ၇ခုက မြို့နယ် ၂၆ ခုမှာ စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်ကိုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ NLD လွှတ် တော် ကိုယ်စားလှယ်တွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်နေတဲ့ CDM ဝန်ထမ်းတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့ ကရင် အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့မှာ လေကြောင်း စတင်အသုံးပြုတိုက်ခိုက်ခဲ့တာပါ။

KNU ရဲ့ ထုတ်ပြန်ချက်အရ ၂ဝ၂၁ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီက KNU ထိန်းချုပ်နယ်မြေတွေအတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံးပြီး ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြေပြင်ကတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများနေပြီး စစ်မျက်နှာပြင် ကျယ်ပြန့်လာတဲ့အတွက် လေကြောင်းကို အားထားပြီး ထိုးစစ်ဆင်တာဖြစ်သလို တပ်အင်အားကိုလည်း လေကြောင်းကနေ ဖြန့်ပို့တဲ့ နည်းလမ်းကို သုံးလာတယ်လို့ CDM စစ်တပ်အရာရှိတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ နေရာတွေက ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အားကောင်းတဲ့ နယ်မြေတွေဖြစ်ပါတယ်။

“စစ်ကိုင်းတိုင်းထဲမှာ တပ်မတော်ရဲ့အုပ်ချုပ်မှုယန္တရားက ဇီးရိုးဖြစ်တယ်၊ PDF တပ်ဖွဲ့ဝင်တွေရဲ့ လွှမ်းမိုးမှုက ၉၅ ရာခိုင်နှုန်းရှိတယ်။ အဲဒါကို မကျေနပ်တဲ့အတွက် PDF တပ်ဖွဲ့ဝင်တွေကို ချေမှုန်းချင်တဲ့အတွက် အင်အားအလုံး အရင်းနဲ့ပဲ ထိုးစစ်ဆင်နေ တယ်လို့ သုံးသပ်မိတယ်။”

မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ပြောသွားတာပါ။ စစ်ကိုင်းတိုင်းဟာ PDF တွေအားကောင်းတဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပြီး စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ နယ်မြေတခုလည်း ဖြစ်ပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့ မတ်လနောက်ပိုင်းကစပြီး ဧပြီလအတွင်း ကချင်ပြည်နယ်၊ မေလမှာ ကယား၊ ဇွန်လမှာ ချင်း၊ နိုဝင်ဘာလအထိ မကွေးနဲ့ စစ်ကိုင်း စတဲ့ တိုင်းပြည်နယ်တွေက မြို့အတော်များများမှာ စစ်ရဟတ်ယာဉ်တွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေ အသုံးပြုခဲ့ ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက K-8၊ YAK 130၊ Mi 35၊ Mi 2၊ Mi 17 စတဲ့ စစ်ရဟတ်ယာဉ်တွေ အသုံးပြုနေတယ်လို့ စစ်ရေးလေ့လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီယာဉ်တွေဟာ ရုရှားနဲ့ တရုတ်ထုတ်တွေ ဖြစ်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာလအတွင်း ကရင်၊ ကယား၊ စစ်ကိုင်း၊ မကွေးတို့မှာ ၁၅ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပြီး ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း ကရင်၊ ကယား၊ စစ်ကိုင်းတို့မှာ လေကြောင်းနဲ့ ၁၉ ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ ကတော့ – လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို ICC နိုင်ငံ တကာ ရာဇဝတ်ခုံရုံး ကို အမြန်ဆုံး တင်နိုင်ဖို့ NUG က ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတွေသာမကဘူး စစ်တပ်ကို ဝင်ငွေပေးနေတဲ့ လမ်းကြောင်းဟူသမျှကို ဖြတ်ဖို့လိုတယ်။ သူတို့(စစ်တပ်)မှာ ဝင်ငွေမရှိရင် လက်နက်ဝယ်လို့ မရတော့ဘူး။ အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေက လက်နက်မဲ့ပြည်သူလူထုကို စစ်ကြေညာပြီး လေကြောင်းကနေ တိုက်ခိုက်ခြင်းဟာ Crimes Against Humanity လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်။ ICC မှာ ဒီရာဇဝတ်မှုကျူးလွန်သူတွေ ကို ခေါ်သွား နိုင်ရေးကလည်း အရေးကြီးတယ်။”

စစ်ကောင်စီ အသုံးပြုတိုက်ခိုက်နေတဲ့ စစ်လက်နက်ပစ္စည်းတွေထဲက ၅၃ ရာခိုင်နှုန်းဟာ တရုတ်က ဝယ်ယူထား တာဖြစ်ပြီး ၂၇ ရာခိုင်နှုန်းဟာ ရုရှားက ဝယ်တဲ့လက်နက်တွေဖြစ်တယ်လို့ ဒေါက်တာဆာဆာ က ပြောပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အကြီးအကျယ်ခံနေရတဲ့ နယ်မြေတွေထဲမှာ ကယားပြည်နယ်လည်း အပါအဝင်ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မြေပြင်နဲ့ ဝေဟင်ပူးပေါင်းတိုက်ခိုက်မှုကြောင့် လူဦးရေ သုံးသိန်းကျော် ရှိတဲ့ ကယားပြည်နယ်မှာ နှစ်သိန်းနီးပါးက အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ရဟတ်ယာဉ်တစ်စင်းကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: CJ)

စစ်ကောင်စီက တိုက်ပွဲဖြစ်တိုင်း ဗုံးကြဲလေ့ရှိတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၁ ခူးဒယ်နီယာက ပြောပါတယ်။

“တော်လှန်ရေးတလျှောက်မှာ ဒီပွဲက အပြင်းထန်ဆုံးပဲလို့ ပြောလို့ရတယ်။ အရင်တုန်းက ကျွန်တော်တို့ လက်နက် ကိုင်တဲ့လူတွေအချင်းချင်းပဲ တိုက်ကြခိုက်ကြတယ်။ လေယာဉ်နဲ့ ကြဲတာကတော့ တခေါက် နှစ်ခေါက်ပဲ ရှိတယ် ပေါ့လေ၊ ကျွန်တော့်တော်လှန်ရေး တသက်မှာ။ အခုကတော့ လူထုမှန်းမသိ လက်နက်ကိုင်မှန်းမသိ သူတို့ (စစ်တပ်) လုပ်နေပြီ။ ဒါက အပြင်းထန်ဆုံးအခြေအနေကို ရောက်နေပြီလို့ ပြောလို့ရတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသား တပ်ဦး CNF တို့က “မြန်မာနိုင်ငံမှာ စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာပြီး လိုက်နာမှု ရှိမရှိ နိုင်ငံတကာက တာဝန် ယူစောင့်ကြပ်ပေးဖို့” အာဆီယံ၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်နိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်ဟာ အလွန်နည်းပါးပြီးတော့ အဲဒီလို သတ်မှတ်နိုင်ရုံနဲ့ စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်ဆင်တာကို မရပ်တန့်နိုင်ဘူးလို့ ထောက်ပြတာတွေ ရှိပါ တယ်။

“enforcement လိုတာပေါ့နော်။ နိုင်ငံတကာက No Fly Zone လုပ်လိုက်တယ်။ အဲဒါကို ဘယ်သူက enforce လုပ်မှာလဲ၊ အိမ်နီးချင်းနိုင်ငံတွေက လုပ်မှရမှာပေါ့နော်။ အဲဒါကို လုပ်ပါ့မလား၊ No Fly Zone က လက်တွေ့ကျ တော့ Fly လုပ်လာရင် ဘယ်သူက enforce လုပ်မှာလဲ။”

အမေရိကန်တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးဖြစ်တဲ့၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ လုံခြုံရေးဆိုင်ရာ အာရှ-ပစိဖိတ် လေ့လာရေးဌာနက ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် ပြောသွားတာပါ။

KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးကတော့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်နိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုပေမယ့် အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ဆက်လက်တွန်းအားပေးပြီး ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့ စွမ်းအားတွေ လမ်းကြောင်းတွေ ဆက်သွယ်ရေးလမ်းကြောင်း တွေ ဒါတွေ အကုန်ရပ်ပစ်နိုင်ရင်တော့ ပိုပြီးထိရောက်တာပေါ့။ ကျွန်တော်တို့က No Fly Zone တခုတည်း ပြောတယ်ဆိုပေမဲ့ ဒါက လက်တွေ့မဖြစ်နိုင်ဘူး တော်တော်ခက်ခဲပါတယ်ဆိုတာ တကမ္ဘာလုံးက သိနေတာပဲ။ သို့သော်ငြားလည်း အဲဒီတောင်းဆိုချက်အောက်ကနေ ကျန်တဲ့ဟာတွေ ဘာတွေလုပ်နိုင်လဲဆိုတာ နိုင်ငံတကာက ရှိသမျှအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကျွန်တော်တို့က ဆက်လုပ်သွားမှာပဲ။ နိုင်ငံတကာရေးရာဘက်မှာရော သံတမန်ရေးရာ ဘက်မှာရော ဆက်တွန်းသွားမှာပဲ။ အထူးသဖြင့် အရပ်သားတွေကို ဘယ်ဟာတွေက အကာ အကွယ်ပေးနိုင်မလဲဆိုတာရအောင် ကျွန်တော်တို့ ဆက်ကြိုးစားသွားမှာပါ။”

စစ်တပ်ဟာ အခုလိုပွင့်လင်းရာသီမှာသာ ခြေလျင်တပ်အင်အားကို ချွေတာပြီး လေကြောင်းကို အဓိကအားထား အသုံးပြုတိုက်ခိုက်နိုင်တာဖြစ်တဲ့အတွက် လာမယ့် မေလမတိုင်ခင် တော်လှန်ရေးအဖွဲ့တွေကို အပြတ်ချေမှုန်းဖို့ တပ်တွင်းမှာ စစ်ရေးအရ ရည်မှန်းထားတယ်လို့ CDM အရာရှိတချို့က ပြောပါတယ်။ ဒါကြောင့် သံချပ်ကာ၊ လက်နက်ကြီး၊ လေယာဉ်ပစ်ကူတွေ ပိုသုံးပြီး ထိုးစစ်ဆင်လာနိုင်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေဘက်က ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးကြပါတယ်။

စစ်ကောင်စီဘက်က အရပ်သားတွေအပေါ် လေကြောင်းသုံးတိုက်ခိုက်မှုတွေ ဘာကြောင့် လုပ်ဆောင်နေသလဲလို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာမှာ – တိုက်ပွဲတွေအတွင်း လိုအပ်တဲ့ အင်အားတွေ အသုံးပြုသွားမှာဖြစ်တယ်လို့ ဖြေကြားထားပါတယ်။

“ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများအတိုင်းပဲ ဆောင်ရွက်လျက်ရှိတယ်။ လွိုင်ကော်မှာဖြစ်တဲ့ကိစ္စတော်တော် များများဆိုရင် အိမ်တွေ ရပ်ကွက်လူထုတွေ၊ ရပ်ကွက်နေရာတွေကို အကာအကွယ်ယူပြီး အရပ်ဝတ်တွေနဲ့ တိုက်ခိုက်တယ်။ ဒီကိစ္စတွေကတော့ စွပ်စွဲနေကျကိစ္စတွေလို့ပဲ ပြောချင်ပါတယ်။”

ပြည်တွင်းတိုက်ပွဲတွေမှာ လေယာဉ်အသုံးပြုခွင့်မရှိတာ၊ အရပ်သားတွေရှိတဲ့ မြို့ပြတွေ ကျေးရွာတွေမှာ တိုက်ခိုက်ကြတဲ့အခါ အသုံးမပြုဖို့ ကန့်သတ်ထားတဲ့ လက်နက်တွေရှိပေမယ့် ဒီအချက်တွေကို စစ်ကောင်စီက မလိုက်နာဘဲ ချိုးဖောက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်သူတွေဖြစ်တယ်လို့ CDM စစ်တပ်အရာရှိ တချို့က ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့အထိ စာရင်းတွေမှာ လူဦးရေ ၃သိန်း ၈သောင်းနီးပါးဟာ မြန်မာပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လူဦးရေ ၂၈ဝဝ ဝန်းကျင်ကတော့ ထိုင်းနိုင်ငံထဲက ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက စစ်ကောင်စီရဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်မှုကို ရပ်တန့်နိုင်ရေး ဖိအားပေးဖို့၊ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်း မရောင်းချရေး ကန့်သတ်တားမြစ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုနေကြသလို တဖက်ကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်တပ်ရဲ့လေကြောင်းရန်ကို ပြန်လည်ခုခံနိုင်မယ့် စစ်လက်နက်ပစ္စည်းတချို့ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

သတင်းရင်းမြစ် – အာအပ်အေမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *