အာဏာသိမ်းပြီးတဲ့နောက် ကလေး ၁သိန်းခွဲနီးပါး အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေရ

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်မှုတွေနဲ့စစ်ပွဲတွေကြောင့် ကလေး ၁ သိန်းခွဲလောက်ဟာ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးနေရတယ်လို့ Save the Children အဖွဲ့က ဒီကနေ့ဇန်နဝါရီ ၂၈ မှာထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကယားပြည်နယ်စစ်ဘေးရှောင်စခန်းမှာ ဗုံးကြဲခံရတာတွေအပါအဝင် စစ်ကိုင်းတိုင်းထဲမှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ကလေးတွေသေဆုံးမှုတွေရှိနေတယ်လို့Save the Children အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ လူ ၄ သိန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ပြီးခဲ့တဲ့လတွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ ၂၇ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့သိရပါတယ်။

ဒီထဲမှာ ၃၇ ရာခိုင်နှုန်းကတော့ ကလေးငယ်တွေဖြစ်ပြီး အများစုကဖြစ်သလို တဲထိုးနေရပြီး ငတ်မွတ်မှုနာဖျားမှုတွေကိုရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

“ ကလေးတွေကစစ်မီးရဲ့ဒဏ်ကိုခံနေရတာကို မြင်ရပြီး ပြီးခဲ့တဲ့နှစ်အတွင်းမြန်မာနိုင်ငံတဝန်း ကလေးတသိန်းခွဲဟာသူငယ်ချင်းတွေ၊ ကျောင်းတွေနဲ့ခွဲခွာပြီး နေရပ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်” လို့ Save the Children ရဲ့အမှုဆောင်အကြီးအကဲ အင်ဂါအက်ရှင်း ကပြောပါတယ်။

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး အိုးအိမ်စွန့်ခွာ ပြီးထွက်ပြေးနေရသူ ၉ သောင်းကျော်လောက်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ဒေသခံသတင်းတွေအရ ဒီထက်ပိုများနိုင်ပြီး ပြည်နယ်လူဦးရေ ၃ သိန်းထဲက တဝက်ကျော်လောက် ဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ကလေးတွေကိုအကြမ်းဖက်တာ၊ တိုက်ခိုက်တာ၊ စွန့်ခွာထွက်ပြေးနေရတာတွေက ကာကွယ်ဖို့ကိုလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက နည်းလမ်းရှာဖွေဖို့ Save the Children ကတိုက်တွန်းထားပါတယ်။

သတင်းရင်းမြစ် – ဘီဘီစီမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *