ရေလယ်ကျွန်းအနီးက ရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်လို့ ဒေသခံတွေပြေးနေရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အရှေ့ဘက်ပိုင်းက ရေလယ်ကျွန်းဒေသမှာရှိတဲ့ နေရင်းရွာ၊ ပေါက်ရွာတွေဘက်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နေရင်းရွာကဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့ဇန်နဝါရီ ၂၀ရက်နေ့ ဒီကျေးရွာတွေအနီးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ရေလယ်ကျွန်းနယ်ထဲက မင်းရွာကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတာဖြစ်ပြီး ဒီကနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ နေရင်းကျေးရွာထဲကို စစ်ကြောင်း ထိုးဝင်ရောက်ပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

“ ရွာသားတွေက သူတို့လာပြီဆိုတာနဲ့ ကြောက်လို့ထွက်ပြေးတာ၊ ပြေးလို့ဆိုပြီးပစ်တာ၊ ဦးစိန်ဝိုင်းဆိုတဲ့ အသက် ၆၀ အရွယ် တစ်ဦးကတော့ နေရာမှာပဲ သေနတ်ထိမှန်ပြီးဆုံးသွားတယ်။ ကျန်တဲ့အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာရထားတယ်။ ဒီရွာတွေကတော့ စစ်သားတွေရောက်လာရင် ပြေးကြရတာပဲ၊ သူတို့အင်နဲ့အားနဲ့အလုံးအရင်းနဲ့လာပြီဆိုရင် လာနိုင်တဲ့လမ်းတလျှောက်ကရွာတွေက ပြေးရတာပဲ။ အခုလည်းအကုန်ပြေးနေရတယ်” လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်နေတဲ့ ရေလယ်ကျွန်းဒေသ နေရင်းရွာနဲ့မင်းရွာအနီးမှာတော့ မနေ့ဇန်နဝါရီ ၂၀ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ရေစကြိုဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မကွေးတိုင်းအတွင်းက ထိတွေ့တိုက်ပွဲတွေနဲ့ ဒေသခံတွေသေဆုံးမှုနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပါဘူး။

သတင်းရင်းမြစ် ဘီဘီစီမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *