နတ်တလင်းမှာ အသံတိတ်သပိတ်နေ့မှာ ဆိုင်တွေ ဖွင့်ဖို့ ကြေညာနေသူတဦး သေနတ်နဲ့ပစ်ခတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ အနောက်ဘက်ခြမ်းမှာရှိတဲ့ နတ်တလင်းမြို့နယ် တံခွန်တိုင်ရွာမှာ ဒီကနေ့ဇန်နဝါရီ ၂၈ မနက်ပိုင်းက အသံတိတ်သပိတ်မှာ မပါဝင်ဖို့ လိုက်လံကြေ ညာနေသူတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နတ်တလင်း ဒေသခံ PDF အဖွဲ့တခုဖြစ်တဲ့ နတ်စစ်သည် အဖွဲ့ကတော့ စစ်ကောင်စီ အလိုအကျ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆိုင်မဖွင့်ဖို့ လော်နဲ့လိုက်အော်နေသူတဦး ကို အဖွဲ့ကပစ်ခတ်ခဲ့ကြောင်းနဲ့ သေဆုံးသွားပြီလို့ ထုတ်ပြန်ထားပါတယ်။

“ နတ်တလင်းမြို့အစွန်က မြို့အထွက်ရွာမှာဖြစ်တာ၊ ဒီကနေ့မနက် ဆိုင်ကယ်နဲ့လိုက်အော်နေတာ ဖြစ်ဖြစ်ချင်းတော့ မသေဘူး။ ခုတော့သေသွားပြီလားတော့သေချာမသိသေးဘူး” လို့ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းတာ တနှစ်ပြည့်တဲ့ လာမယ့်ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်အာဏာသိမ်းတာကို အသံတိတ်ငြိမ်သက်ခြင်းနဲ့ဆန္ဒထုတ်ဖော်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပြီး စစ်ကောင်စီဘက်ကလည်း အဲ့ဒီနေ့မှာဆိုင်တွေဖွင့်ထားဖို့ကို မြို့နယ်တော်တော်များများမှာ သတိပေးကြေညာတာတွေ လုပ်နေသလို ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဘီဘီစီကိုဆက်သွယ်ပြောကြားထားပါတယ်။

သတင်းရင်းမြစ် – ဘီဘီစီမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *