KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူဒေသအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာ

လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ခြိမ်းခြောက်ပစ်ခတ်မှုတွေ လုပ်နေလို့ စစ်ရေးတင်းမာလာမှာ ကိုဒေသခံတွေစိုးရိမ်

KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူဒေသအတွင်း စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မြို့အဝင်အထွက်ဂိတ်တွေမှာ အစစ်အဆေးတွေတင်းကျပ်နေပြီး အဲဒီကတစ်ဆင့် စစ်ရေး တင်းမာမှုတွေ ရှိလာမှာကို ဘုရားသုံးဆူ ဒေသခံတွေစိုးရိမ်နေကြပါတယ်။

လေးကေ့ကော်ဒေသတိုက်ပွဲတွေကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူဒေသဘက်ကို စစ်ရှောင်လာသူတွေ၊ ခိုလှုံလာသူတွေထဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စီဒီအမ်သမားတွေကို အဓိက ထားရှာဖွေမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ယူဆပြီး စစ်ဆေးမှုတွေတင်းကျပ်နေတာဖြစ်နိုင်တယ်လို့ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်ဘက်ကနေ ဘုရားသုံးဆူဘက်ကို စစ်ကြောင်း ထိုးဝင်ရောက်လာလို့ တည်ငြိမ်နေတဲ့ ဘုရားသုံးဆူဒေသမှာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ကြောင်း ဘုရားသုံးဆူ ခလယ်တံခွန်တိုင်ကျေးရွာဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲ တွေ က ကော့ကရိတ်တို့ လေးကေကော် တို့ဘက်က နေ အခု ကျွန်တော်တို့ ခလယ်တံခွန်တိုင်၊ ကြာအင်းဆိပ်ကြီး၊ တောင်စွန်း၊ အနန်ကွင်း၊ ဘုရားသုံးဆူ ဘက်အထိ စစ်ကောင်စီ လူတွေ ဆက်တိုးပြီး နေရာယူလာနေပြီ။ PDF တွေ CDM တွေ ခိုလှုံ နေတယ် လို့ သူတို့ယူဆတဲ့ တောင်ကြော တွေ ဘက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တာ တွေ အခုတလော လုပ်ကြတယ်။ လက်နက်ကြီး ပစ်စမ်းတာတွေ လုပ်တယ်။ အများ ပြည်သူ သွားလာနေတဲ့ ကြာအင်းဆိပ်ကြီး ၊ ဘုရားသုံးဆူ ၊ ခလယ်တံခွန်တိုင်၊ ကျိုက်ဒုံ လမ်း ပိုင်း တွေ မှာ အစစ်အဆေး နေ့စဉ် လုပ်လာနေတယ်။ အခုဆို ဘုရားသုံးဆူ မြို့ ကိုသွား ရင် မြို့ဝင် မြို့ ထွက် ကို စစ်တပ်က လုံခြုံရေး အင်အားတိုး တင်းကျပ်ထား တာ ကြောင့် ရွာတွေ က ဈေးဝယ် ကား တွေ မသွား ရဲ ကြတော့ ဘူး ၊ တိုက်ပွဲ ဖြစ်လာ မှာ စိုးရိမ်ပြီး တချို့ အိမ် တွေ ဆို အထုတ်အပိုး ပြင်ထား ကြပြီ” လို့ ခလယ်တံခွန်တိုင်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

ခုလို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်နေတယ်ဆိုတဲ့အချက်အပါအဝင် ဘုရားသုံးဆူဒေသတွင်း စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *