နိုင်ငံရေးပါတီအချို့က ပါတီလုပ်ငန်းတွေ ပြင်ဆင်လုပ်ဆောင်နေ

မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီကို ဆန္ဒပြမှုတွေနဲ့ လက်နက်စွဲကိုင် တိုက်ခိုက်မှုတွေ ရှိနေချိန်မှာပဲ နိုင်ငံရေးပါတီတချို့က ပါတီလုပ်ငန်းစဥ်တွေကို ပြင်ဆင်လုပ်ဆောင်နေကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဒုတိယနေရာအများဆုံး ရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကဆိုရင် ပါတီတွင်း တိုင်းအဆင့်ခေါင်းဆောင်တွေကို ပြန်လည်ရွေးကောက်တင်မြှောက်တာမျိုးတွေကို ဒီရက်ပိုင်းမှာ လုပ်ဆောင်နေပါတယ်။

ဒီကနေ့အထိ ရန်ကုန်၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်းက ဗဟိုကော်မတီဝင်၊ ခေါင်းဆောင်တွေကို ရွေးချယ် တင်မြှောက်တာတွေကိုပြုလုပ်ပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်ဖို့ ရှိနေတယ်လို့ အဲဒီ ပါတီကနေသိရပါတယ်။

ဒီလုပ်ဆောင်မှုတွေဟာ ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဥ်းတွေအရ လုပ်ဆောင်တာဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒလှမြင့်က ပြောပါတယ်။

ဒါဟာ စစ်တပ်က ကျင်းပပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်တယ်လို့ ပြောဆိုကြတာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ မဲ ၈၀ ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေ၊ ပါတီဝင်တွေကိုတော့ မဲမသမာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးတာမျိုးတွေ၊ ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုထားတာ၊ နေရာဒေသမရွေးက ပါတီအပေါ်ထောက်ခံကြသူတွေအပေါ် ဖိနှိပ်တာတွေကို ဆက်တိုက်လုပ်နေတာတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲအတွင်း လူထုထောက်ခံမှု တတိယအများဆုံးရခဲ့တဲ့ ရှမ်းတိုင်းရင်းသားပါတီ SNLDအနေနဲ့ကတော့ ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲက သတ်မှတ်ထားချိန်မှာဖြစ်နိုင် မဖြစ်နိုင်ဆိုတာ မသေချာတာကြောင့် SNLD အနေနဲ့တော့ ရွေးကောက်ပွဲအတွက် ၂၀၂၂ နှစ်ကုန်ပြီးမှသာ အခြေအနေပေါ်မူတည်ပြီး ပြင်ဆင်တာမျိုး ရှိနိုင်မယ်လို့ ပါတီဥက္ကဌ ဦးစိုင်းညွန့်လွင်က ပြောဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကို ၂၀၂၃ခုနှစ်မှာ ကျင်းပပေးမယ်လို့ ပြောဆိုထားပြီး အရငကျင်းပခဲ့တဲ့ အနိုင်ရ အကုန်ယူစနစ် နဲ့ မဟုတ်ဘဲ အချိုးကျကိုယ်စားပြုစနစ် ပီအာနဲ့ ကျင်းပမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

သတင်းရင်းမြစ် – ဘီဘီစီမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *