အာဏာသိမ်းမှု တစ်နှစ်အတွင်း တပ်ရဲ့ဖွဲ့စည်းပုံ ထိခိုက်လာ

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံအာဏာကို သိမ်းယူပြီးနောက်ပိုင်း ဇွန်လ ကစတင်ပြီး တိုင်းနဲ့ပြည်နယ် အသီးသီးက နေရာအနှံ့အပြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ နေ့စဉ်အကျအဆုံးစာရင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရက နေ့စဉ်ထုတ်ပြန်နေရာ မှာ စစ်ကောင်စီဘက်က သေဆုံးသူစာရင်းဟာ လစဉ် ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ရှိနေပါတယ်။

အနီးစပ်ဆုံး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈၀ နီးပါး သေဆုံးမှု ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တစ်လတာအတွင်းမှာတော့ သေဆုံးသူ ၁၁၅၅ ဦး ရှိခဲ့တယ်လို့ NUG ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်နိုင်စွမ်းနဲ့ တိုက်ခိုက်ရေးတပ်တွေရဲ့ အင်အားလျော့နည်းလာပြီလို့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ဗိုလ်ကြီးလင်းထက်အောင်က တွက်ဆပါတယ်။

“ခြေလျင်ခြေမြန်တပ်တွေရဲ့ အင်အားကတော့ တော်တော်လေး လျော့နည်းနေပြီ။ အဲ့ဒီအတွက်ကြောင့်မို့ သူတို့ရဲ့ တပ်ဖြန့်ခွဲမှု နယ်မြေထိန်းချုပ်နိုင်မှု အနေအထားက တော်တော်လေးကို ထိခိုက်နေပြီလို့ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်ခင်ဗျ။ ဒီလောက်အင်အား ထိနေပြီဆိုရင် တပ်ရဲ့ တိုက်ခိုက်ရေးတပ် တော်တော်များများရဲ့ စစ်ကြောင်းတွေ တော်တော်လျော့နည်းနေပြီလို့ ပြောလို့ရတယ်။ တပ်တစ်တပ်မှာ လူတစ်ယောက် ကျရင်တောင် ဒီတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းအားဟာ တော်တော်ကြီးကို လျော့နည်းသွားတာ။ အခုနောက်ပိုင်း အကျအဆုံး များနေတဲ့ ဒေသတွေမှာ ထိုးတဲ့ တပ်တွေရဲ့ အင်အားက အနည်းဆုံး တစ်ရာကျော် ဝန်းကျင်လောက်မှာပဲ ရှေ့တန်းထွက်နိုင်တာ။ အဲ့လိုရှိတာကြောင့် လူဆယ်ယောက် ကျရင်ကို တပ်စိတ်တစ်စိတ်ရဲ့ ဖွဲ့စည်းပုံအရကို လုံးဝကို ပျက်စီးသွားတဲ့ ပုံစံဖြစ်သွားပြီ”

NUG ရဲ့ နေ့စဉ်ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ရှစ်လကျော် ကာလအတွင်း စစ်ကောင်စီဘက်က သေဆုံးသူစုစုပေါင်း ၆ဝဝဝ နီးပါး ရှိနေပါပြီ။ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM နဲ့ တပ်မတော်ကနေ နှုတ်ထွက်လာတဲ့ တပ်ဖွဲ့ဝင်တွေ ပြောပြချက်အရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ လက်နက်တပ်ဆင်ထားတဲ့ တပ်၊ ရဲ၊ မီးသတ် တပ်ဖွဲ့ဝင် အင်အား ငါးသိန်းရှိတာကြောင့် အခုကျဆုံးသွားတဲ့ အရေအတွက်ဟာ တပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံးရဲ့ ၁ ရာခိုင်နှုန်း ကျော်ရှိတယ်လို့ ဆိုပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သားတချို့။ (Photo: AFP)

တပ်ဖွဲ့ဝင်အားလုံးရဲ့ ၁ ရာခိုင်နှုန်းဆိုပေမယ့် စစ်ထွက်အင်အားအရဆိုရင် ဒီပမာဏက အတော်များတယ်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ တပ်မတော်သားအရာရှိတွေက ထောက်ပြပါတယ်။

တပ်မ တစ်မရဲ့ စစ်ထွက်အင်အားက ပုံမှန်ဆိုရင် ၈၀၀ နီးပါးသာရှိတာကြောင့် ကျဆုံးမှု ၆ဝဝဝ ကျော် ဆိုတဲ့ စာရင်းဟာ တပ်မ ၇ (မ)ကျော်စာ ရှိနေပါတယ်။

“စစ်တပ်အနေနဲ့ ကြည့်မယ်ဆိုရင် တော်တော့်ကို ခြောက်ခြားစရာ ဖြစ်တာပေါ့နော်။ ဒီအတွက်ကြောင့်လည်း တချို့ဒေသမှာရှိတဲ့ စစ်သားတွေဟာ စစ်တိုက်ထွက်ဖို့ကို ကြောက်လာတဲ့ အနေအထား အထိ ဖြစ်နေတာဆိုတာ ကျနော်တို့သိရတယ်။ ဒီအင်အားကိန်းဂဏန်း အမှန်အတိုင်း ဆိုရင်တော့ ဒီအင်အားက တော်တော်ကို များတယ်ဗျ။ တကယ်လို့ အဲ့ဒီထက်ဝက်ဆိုရင်တောင်မှ စစ်ကောင်စီဘက်က တော်တော့်ကို ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဆုံးရှုံးမှုတွေလို့ ပြောလို့ရပါတယ်ခင်ဗျ ”

CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဗိုလ်ကြီး ညီသုတ ပြောသွားတာပါ။

အာဏာသိမ်းထားတဲ့ တစ်နှစ်တာ ကာလအတွင်း တပ်တွင်းကျဆုံးမှုတွေ များနေပြီဆိုတဲ့ ဝေဖန်ချက်ကို စစ်ကောင်စီရဲ့ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းပါတယ်။

“ဒါကတော့ သူတို့ပြောကြားချက်ပေါ့ဗျာ။ သူတို့က တပ်မတော် အကျအဆုံး များတယ်လို့ ပြောရင်လည်း ယုံချင်တဲ့သူကလည်း ယုံလို့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ အထူးအထွေ ပြောစရာ အကြောင်း မရှိပါဘူးခင်ဗျ။ တစ်ခုပဲ ပြောချင်ပါတယ်။ တပ်မတော်အနေနဲ့ကတော့ မြန်မာပြည်သူလူထု၊ မြန်မာပြည်၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် အင်အား၊ စွမ်းရည် လုံလောက်စွာ ရှိတယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်”

စစ်ကောင်စီဘက်က အခုလို ငြင်းဆိုပေမယ့် အမေရိကန်ကာကွယ်ရေးတပ်က အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဖြစ်သလို အမေရိကန် ကာကွယ်ရေးဌာန၊ ဟာဝိုင်အီအခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာနက ပါမောက္ခတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ မီမီဝင်းဘတ်ကတော့ စစ်ကောင်စီရဲ့ တပ်တွင်းအခြေအနေဟာ အတော်ထိခိုက်နေပြီလို့ ယူဆပါတယ်။

“တပ်မတော်ရဲ့ ground Situation က တော်တော် ပြဲရွဲနေပြီလို့ ပြောလို့ရတယ်။ စုစုပေါင်းလိုက်လို့ရှိရင် ခြောက်ထောင်၊ ခုနှစ်ထောင် ကျဆုံးသွားတာ ရှိနေပြီ။ အဲ့ဒါကြောင့်မို့လို့လည်း စစ်တပ်ထဲက စစ်သားတွေ၊ စစ်ဗိုလ်တွေရဲ့ အမျိုးသမီးတွေကိုလည်း လက်နက်ကိုင်ခိုင်းတာတို့၊ ကလေးတွေ ဆွဲတာတို့ အဲ့ဒီဟာတွေကလည်း သက်သေအထောက်အထားတစ်ခုပဲ။ သူတို့ထဲမှာ လူမရှိတော့ဘူးဆိုတာလေ။ အထဲဘက်မှာ စစ်ဗိုလ်နဲ့ စစ်သားတွေကြားထဲမှာ မယုံကြည်တော့ဘူး။ အဲ့လိုမျိုး Organization က ဘယ်လိုမှ effective မဖြစ်နိုင်ဘူး။ အဓိကတော့ စိတ်ဓါတ်ပဲ။ သူတို့မှာ စိတ်ဓာတ်တွေ ကျနေပြီ။ PDF က ကျတော့ စိတ်ဓာတ်အရမ်းတင်းမာတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ သူတို့မှာ အားသာချက်တွေရှိနေတာ။”

တစ်ချိန်တည်းမှာလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ တိုက်ခိုက်စွမ်းရည်က မြင့်တက်လာတယ်လို့ ဒေါက်တာမီမီဝင်းဘတ်က မှတ်ချက်ပြုပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတဝိုက်တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: AFP)

ဒီလိုတိုက်ပွဲတွေကြား အကျအဆုံးတွေများလို့ စစ်ကောင်စီဘက်က တပ်သားသစ်တွေ လိုအပ်နေချိန်မှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှာ တပ်တွင်းဝင်ရောက်လာသူတွေက အများအပြား ရှိနေတယ်လို့လည်း ဗိုလ်ကြီး ညီသုတ က ထပ်လောင်းပြောပါတယ်။

“စစ်ကောင်စီဘက်မှာက မနည်းကို စုဆောင်းနေရတဲ့ အနေအထားပေါ့နော်။ PDF တွေဘက်မှာက လူတွေ များနေလို့ တချို့တွေဆိုရင် တိုက်ပွဲ မတိုက်ရလို့ စိတ်ညစ်တဲ့ သူတွေက အများကြီး ဖြစ်နေတာ။ အင်အားပိုင်းကျတော့ သိန်းချီပြီးတော့ကို ကွာတယ်ဗျ။ ဒါပေမဲ့ PDF တွေရဲ့ ဘက်မှာတော့ လူတန်းစေ့လက်နက်ရရှိရေး အတွက်က အခက်အခဲ ရှိနေတာလေးရှိတယ်”

လက်ရှိတိုက်ပွဲတွေဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ တပ်မတော်ကြား ဖြစ်နေတဲ့ တိုက်ပွဲဖြစ်လို့ အရင်တိုင်းရင်းသားတွေနဲ့ တပ်မတော်ကြား ဖြစ်တဲ့တိုက်ပွဲတွေနဲ့မတူဘဲ တပ်ဘက်က ဒေသခံတွေဆီက သတင်းအချက်အလက် ရယူနိုင်မှုမရှိဘဲ အကျအဆုံး ပိုများနေတာလို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ထောက်ပြပါတယ်။

“သူတို့မှာ သတင်းရနိုင်တဲ့ အချက်အလက်တွေ လုံးဝကို ပျောက်သွားတယ်။ အဲ့ဒါကြောင့် ဘယ်မှာပဲသွားသွား တိုက်ပွဲတိုင်းမှာ အထိနာတာရှိတယ်။ ကျွန်တော်တို့ အရင်က တောက်လျှောက် ပြောတာပဲ။ တိုက်ပွဲကြီး တစ်ပွဲမှာ ဆိုရင်ကို တပ်ရင်းမှူး ကျဖို့ဆိုတာ အင်မတန် ခက်တယ်။ ဒီဗမာစစ်တပ်ကို။ သို့သော် ဒီအချိန် ဒီကာလမှာ တပ်ရင်းမှူးတစ်ယောက်က ခဏတဖြုတ်ကို ဒီနေရာကျလိုက်၊ ဟိုနေရာကျလိုက် ဖြစ်နေတယ်။ ဗမာစစ်တပ်ရဲ့ တိုက်စွမ်းရည်ဟာ လုံးဝကို အရင်နဲ့ ဘာမှ မဆိုင်တော့ဘူး”

ဒါကတော့ KNU ရဲ့ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီး ပြောသွားတာပါ။

တစ်ဖက်မှာလည်း စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်အတွင်း အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ တပ်မတော်သား အရေအတွက်ကလည်း နှစ်ထောင်ကျော် ရှိလာပြီ ဖြစ်ပါတယ်။

ပြည်သူတွေဘက်ကလည်း စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံဘဲ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြလို့ ရေရှည်မှာ စစ်တပ်ရဲ့ တိုက်ခိုက်နိုင် စွမ်းရည်က ပိုလျော့ကျလာနိုင်ဖွယ် ရှိတယ်လို့ ကာကွယ်ရေး အတွေအကြုံရှိသူတွေက သုံးသပ်ကြကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *