ပုလဲမြို့ထွေအုပ်ရုံးနဲ့ ရဲစခန်းကို PDF အဖွဲ့တွေ ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က စစ်ကောင်စီအုပ်ချုပ်ရေးရုံးတွေကို ဒေသတွင်း ခုခံကာကွယ် ရေး တပ်ပေါင်းစုတွေက ဖေဖော်ဝါရီ ၅ ရက် မနေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတွေကို ပစ်ခတ်ခဲ့ပြီး ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် တစ်ယောက် အပါအဝင် ပျူစောထီးခေါင်းဆောင်တွေလို့ စွပ်စွဲခံထားရသူ လေးယောက် သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“ဆိုင်ကယ်နဲ့နိုင်တဲ့သူက ဆိုင်ကယ်နဲ့ ကားနဲ့နိုင်တဲ့သူကားနဲ့ အိမ်ရှိတဲ့ တန်းဖိုးရှိတဲ့ ပစ္စည်းတွေသယ်ပြီး ပြေးနေကြတာ

ည ကိုးနာရီလောက်ကစပြီး မြို့သိမ်းတိုက်ပွဲအနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပုလဲ PDF တပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

“မနေ့ညတုန်းက ည ကိုးနာရီလောက်မှာ ပုလဲကို စဝင်ပါတယ်။ နေရာတွေ ခွဲဝင်တယ်။ လက်ပစ်ဗုံးတွေနဲ့ ထုတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တဲ့ နေရာကို စစ်ကောင်စီကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ဒလန်အိမ်ကို လက်ပစ်ဗုံးနဲ့လည်း ပစ်တယ်။ စစ်ကောင်စီဘက်ကနေ ပြန်ပြီးထုတော့ စလောင်တာပဲ၊ နေရာအနှံ့မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ အကုန်လုံးကတော့ ဘေးမသီရန်မခ ပြန်ဆုတ်နိုင်လာတယ်“

အဲဒီမြို့သိမ်းတိုက်ပွဲကို ဒေါင်းနက်၊ ကျားသစ်နက်၊ MPL၊ သိမ်းငှက်နီ၊ PRA ၊ မြိုင်မြို့နယ် မြောက်ခြမ်း အင်အားစု၊ ကနီအင်အားစု စတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁ဝ ဖွဲ့လောက်က အင်အားတစ်ရာကျော်နဲ့ တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိနိုင်တယ် လို့ PDF တပ်ဖွဲ့ဝင်တွက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ပုလဲမြို့နယ် ထဲက ရွာတွေကို မီးရှို့ခဲ့ကြပြီး ဖေဖော်ဝါရီ ၄ ရက်ကဆိုရင် လှော်ကားရွာနဲ့ ကိုင်းတွင်းရွာမှာ နှစ်ရွာပေါင်း နေအိမ် အလုံးပေါင်း ၇ဝဝ နီးပါး မီးရှို့ခံလိုက်ရပါတယ်။

ကျားသစ်နက်အဖွဲ့က ဆရာဖိုးသားက ပြည်သူ့ဘက်တော်သား ဖြစ်ရမယ့်သူတွေဟာ ရွာတွေကိုမီးရှို့ပြီး နှိပ်စက်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“ပုလဲမြို့နယ်မှာ ကျေးရွာတွေကို မီးဝင်ရှို့နေတာ တော်တော်ဆုံးရှုံးမှုတွေများခဲ့ပြီ၊ ဒီဆုံးရှုံးမှုရဲ့ တန်ဖိုးက ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလဲ၊ ဘယ်သူမှ မဖြေရှင်း နိုင်ဘူး၊ အခုလည်း မရှိမဲ့ရှိမဲ့ကြားထဲကနေ ဝိုင်းဝန်းလှူဒါန်းနေကြတယ်။ ပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေကိုလည်း လှူဒါန်းပေးနေရတယ်။ ပြည်သူ့ဘက်က ရပ်တည်မယ့် သူတွေက ဘာဖြစ်လို့ မရပ်တည်ဘဲ ဘယ်လိုဖြစ်နေတာလဲဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်ဆိုပြီး ပုလဲစခန်းကို ဝင်တိုက်လိုက်တာ“

PDF တပ်ဖွဲ့ဝင်တွေဟာ ပုလဲမြို့ရဲ့ ညကတိုက်ပွဲမှာ မြို့ထဲကို စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုလို အဖွဲ့စုံတပ်သားတွေ စုပေါင်းတိုက်ခိုက်မှုက ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ပြောပါတယ်။

ပုလဲမြို့ပေါ်မှာ ခုလိုတိုက်ပွဲဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ဒီတိုက်ပွဲကြောင့် စစ်ကောင်စီခန့်ထားတဲ့ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေး ကော်မတီဝင်ရဲ့ နေအိမ်လည်း မီးလောင်ခဲ့ပြီး ဘေးအိမ် ၉ လုံးလည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုလို မြို့ပေါ်အထိ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ရွာတွေထဲကို စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် ပုလဲမြို့အနီးတဝိုက် ရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

(ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို တွေ့ရစဉ်) Photo: CJ

မြို့အနီးတဝိုက်ရွာတွေက ထွက်ပြေးလို့ရပေမယ့် မြို့ပေါ်ကလူတွေက ထွက်ပြေးလို့မရ ဘူးလို့ လက်တောင်းကြီးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“ဆိုင်ကယ်နဲ့နိုင်တဲ့သူက ဆိုင်ကယ်နဲ့ ကားနဲ့နိုင်တဲ့သူကားနဲ့ အိမ်ရှိတဲ့ တန်းဖိုးရှိတဲ့ ပစ္စည်းတွေသယ်ပြီး ပြေးနေကြတာ။ မီးရှို့မှာကို ကြောက်တာ၊ အခုက မီးကနေရာတကာ ရှို့နေကြတာ၊ လှော်ကားရွာဆို တစ်ရွာလုံးကုန်တာ၊ မနေ့ညတုန်းက လူတွေလည်း သတ် ခံရတယ်။ အခုက PDF တွေကလည်း ဝိုင်းနေကြတာ၊ ဟိုကဝိုင်း၊ ဒီကဝိုင်းနဲ့ မနေ့ညက လည်း တော်တော်ဆိုးတယ်။ လက်တွေ့တော့ မဟုတ်သေးပေမယ့် မနက်ကတည်းက စစ်ကြောင်းက ဒီဘက်ကို ဦးတည်နေတာ၊ စစ်ကြောင်းထိုးလာမယ်ဆိုပြီး ပြောနေကြ တာ၊ ပုလဲမြို့ထဲကသူတွေဆို ထွက်မရဘူး“

ပုလဲမြို့ရဲ့ အဝင်၊ အထွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးရေး တင်းကျပ်နေ လို့ မြို့ပြင်ထွက်မရဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲစစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် နေအိမ်တွေ ကို မီးရှို့ခဲ့လို့ တစ်ပတ်အတွင်း ရွာပေါင်းလေးရွာက နေအိမ်ပေါင်း တစ်ထောင်ကျော် မီး လောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ တစ်သောင်းကျော် စစ်ဘေးဒုက္ခသည်တွေအဖြစ် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *