ကျောင်းသားလူငယ်များ၏ အနာဂတ်ပညာရေး မျှော်လင့်ချက်မဲ့နေပြီလား

နိုင်ငံတနိုင်ငံ၏ ပညာရေးစနစ်သည် ကျောင်းသားလူငယ်များ၏ အနာဂတ်ဘဝရည်မှန်းချက် အလားအလာ ကောင်းမွန်ရေး အထူးလိုအပ်သော အခန်းကဏ္ဍတွင် ပါဝင်နေသည်။ သို့သော် မြန်မာ့ပညာရေးစနစ် သမိုင်း တလျှောက် စစ်အုပ်ချုပ်မှုအောက်ရောက်ရှိသည့် အချိန်ကာလများတွင် အားကောင်းမောင်းသန်မဖြစ်ခဲ့ဟု ဆိုရမည်ဖြစ်သည်။

ပညာရေးစနစ်ကောင်းမွန်သော နိုင်ငံများတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ခေတ်မီဖွံ့ဖြိုးမှုတို့ရရှိပြီး ပညာရေးကိုအခြေခံ၍ ကောင်းမွန်သော လူမှု အသိုက်အဝန်းတခုကို တည်ဆောက်နိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အတည်ပြုရေးဆွဲခဲ့သော အမျိုးသားပညာရေး ဥပဒေကို လက်မခံသည့် ကျောင်းသားသမဂ္ဂများက လက်ပံတန်း ကျောင်းသားသပိတ်ကို ဆင်နွှဲခဲ့ကြပြီး ဒီမိုကရေစီပညာရေးစနစ် (ဖက်ဒရယ်ပညာရေး) ရရှိရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ဦးသိန်းစိန် အစိုးရအလွန် အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှစ၍ ယခု စစ်အာဏာသိမ်းယူသည့် ကာလအထိ ယင်းပညာရေးစနစ် တောင်းဆိုမှုမှာ ပို၍အလှမ်းဝေးနေခဲ့သည်။

အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှစ၍ ယခု စစ်အာဏာသိမ်းယူသည့် ကာလအထိ ယင်းပညာရေးစနစ် တောင်းဆိုမှုမှာ ပို၍အလှမ်းဝေးနေခဲ့သည်။

စစ်တပ်က အာဏာသိမ်းအပြီး တနှစ်ကျော်ကာလအတွင်း အခြေခံပညာအဆင့်မှ တက္ကသိုလ် ကျောင်းများအထိ ပြန်လည်ဖွင့်လှစ်ပေးခဲ့ သော်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဆရာ/ဆရာမများ၊ ပညာရေးစီမံဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများကြောင့် အနည်းစုသော ကျောင်းများ၌ အနည်းငယ်သော ကျောင်းသားနှင့် ဆရာ/ဆရာမ တို့ဖြင့်သာ ကျောင်းဖွင့်လှစ်နိုင်ခဲ့သည်။

လက်ရှိအချိန်အထိ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) သည် စစ်တပ်၏ အရှိုက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နေနိုင်ခဲ့သည်။

ယင်းအတွက် အာဏာသိမ်းစစ်တပ်က တက္ကသိုလ်ဆရာ/ဆရာမ အဆင့်မှစ၍ အခြေခံမူလတန်းအထိ ပညာသင်ကြားပေးခဲ့သော ဆရာ/ဆရာမ ၂၀၀၀၀ ကျော်ကို အလုပ်မှ ရပ်စဲ၍ ယင်းလစ်လပ်နေရာများတွင် နေ့စားလရှင်း သင်ကြားပေးနိုင်သူများကို အစားထိုးခန့်အပ်ခဲ့သည်။ တဖက်တွင်လည်း စစ်အာဏာရှင် လက်အောက် ပညာရေးစနစ်ကို အလိုမရှိကြောင်း CDM လုပ်ခြင်းဖြင့် အဆုံးအထိ တောင့်ခံ တိုက်ပွဲဝင်နေကြသည်။ ထိုအထဲ၌ စစ်ဖိနပ်အောက်ပညာရေးတွင် မိမိတို့ရင်သွေးများဘဝ မနစ်မွန်းစေရေးအတွက် “စစ်ကျွန်ပညာရေးစနစ် အလိုမရှိသပိတ်” တွင် ကျောင်းသားမိဘ တချို့ပင် ပါဝင်လာခဲ့ကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအဖို့ သမိုင်းပျောက်နေသော လူသားများဟု ခေါ်ဆိုလျှင် လွန်လိမ့်မည်မထင်ပေ။

မြန်မာနိုင်ငံတွင် ပညာရေးစနစ်ကောင်းများ ရှိခဲ့သည့် အချိန်သည် အလွန်နည်းပါးခဲ့ပြီး နှစ်ပေါင်းများစွာ သမိုင်းလိမ် ပညာရေးစနစ်တွင် ကျောင်းသားလူငယ်များ ရှင်သန်ခဲ့ကြရသည်။ မြန်မာနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားလူငယ်များသည် ယနေ့ထိတိုင်အောင် သမိုင်းလိမ်ပညာရေးကို ဆက်လက် သင်ကြားနေရဆဲပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသားများအဖို့ သမိုင်းပျောက်နေသော လူသားများဟု ခေါ်ဆိုလျှင် လွန်လိမ့်မည်မထင်ပေ။

လက်ရှိ မြန်မာနိုင်ငံ၏ ကြားကာလပညာသင်ယူရေးသည် မျှော်လင့်ချက် ပျောက်ဆုံးနေဆဲဖြစ်သည်။ မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် အခြေခံအဆင့် ပညာသင်ကြားရမည့် ကလေးငယ်များအပြင် တက္ကသိုလ်တန်း အဆင့် ပညာသင်ကြားရမည့် လူငယ်များ၏ အနာဂတ်ပညာရေး ပျောက်ဆုံးလျက်ရှိသည်။

ယင်းနှင့်ပတ်သက်၍ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တဦးက သူ၏ အမြင်ကို ယခုလို သုံးသပ်ပြသည်။

“ကျနော်တို့က ဘာမှန်းမသိတဲ့ ပညာရေးစနစ်ကြီးထဲမှာ ရှင်သန်ခဲ့ရတာ။ အဲဒီကနေပဲ လူငယ်တွေကို မွေးထုတ်ခဲ့ကြရတာကိုး။ ဆိုလိုချင်တာက ပညာရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တဲ့ အချိန်တွေရှိတယ်။ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ကိစ္စတွေကြောင့် ကျနော်တို့ လွယ်လွယ်ကူကူ ပြင်လို့ မရခဲ့ဘူးဆိုတဲ့ အခြေအနေတွေရှိတယ်။ အခုကတော့ သေချာတယ်။ စစ်ဖိနပ်အောက်ကို တိုင်းပြည်ပြန်ရောက်သွားတဲ့အခါမှာ လူငယ်တွေကို ပညာမတတ်အောင် ထားရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ လူငယ်တွေ အသိပွင့်လင်းလာရင် သူတို့အတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ ဟာကို လက်ကိုင်ထားတာ။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုပ်လာကြတဲ့ အကျင့်ဆိုးတွေပေါ့” ဟု ထောက်ပြပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ တခုတွင် ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် ချမှတ်ထားသည့် ပညာရေးမူဝါဒမှာ KG+9 အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်လာမည့် အစိုးရအဆက်ဆက်တွင်လည်း ပညာရေးအား မြှင့်တင်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့ ဆောင်ရွက်မည့် ပညာရေးစနစ်အတွက် မည်သို့သော မူဝါဒများ ချမှတ်ထား သည်ကိုမူ ရှင်းလင်းစွာ ပြောဆိုခဲ့ခြင်းမရှိပေ။

၎င်းက ပညာပြည့်မီမှသာလျှင် တိုင်းပြည်၏ ဒီမိုကရေစီခရီး လျှောက်လှမ်းမှု ချောမွေ့နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ ဖော်ဆောင်နေသည့် ပညာရေးစနစ်တွင် အနှောက်အယှက် အဖျက်အဆီးများ ရှိနေကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရေးအတွက် အခက်အခဲ များစွာ ဖြစ်ပေါ်ခဲ့တဲ့အတွက် ပညာရေးနိမ့်ကျမှု ဖြစ်ပေါ်ခဲ့တာတွေ ရှိပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ တိုင်းရင်းသားဒေသတွေမှာ ဘာသာစကားတချို့နဲ့ အခြားသော သွားရေးလာရေး အခက်အခဲတွေကြောင့် ပညာရေးစနစ်အားနည်းခဲ့တာ ရှိပါတယ်။ ဒါတွေအတွက် ကျနော်တို့ဘက်က ချမှတ်ထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်” ဟု ပညာရေးနှင့် ပတ်သက်သည့် အားနည်းချက်တချို့ကို ဝန်ခံပြောကြားခဲ့သည်။

သို့သော် ၎င်းတို့ ဆောင်ရွက်မည့် ပညာရေးစနစ်အတွက် မည်သို့သော မူဝါဒများ ချမှတ်ထား သည်ကိုမူ ရှင်းလင်းစွာ ပြောဆိုခဲ့ခြင်းမရှိပေ။

လာမည့် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားမိဘများအနေဖြင့် ကျောင်းအပ်ခြင်း၊ မအပ်ခြင်းအတွက် မတူကွဲပြားသော အမြင်များဖြင့် ရှိနေကြသည်။ ကျောင်းအပ်မည်ဆိုသော မိဘများက ၎င်းတို့၏ သားသမီးများ ပညာရေးနောက်မကျစေရန်၊ မနစ်နာစေရန်၊ ကျောင်းထားကြရန် စိုင်းပြင်နေသလို၊ တချို့သော မိဘများက စစ်ကျွန်ပညာရေးအောက်တွင် ကျောင်းမထားကြရန် ပြတ်ပြတ်သားသား ငြင်းဆိုသည်။ လက်ရှိတွင် တချို့သော အခြေခံပညာ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်တက်ရောက်မည့် ကလေးငယ်များမှာ အိမ်တွင်းပညာသင်ယူသည့် စနစ်ဖြင့် သင်ကြားနေကြရသည်။

“သပိတ်မမှောက်ဘဲနဲ့ လက်ရှိတက်နေတဲ့ ကျောင်းသားတွေကို မေးချင်တာက တလျှောက်လုံး မှားယွင်း ပြီးတော့ သင်လာခဲ့ရတဲ့၊ လိုအပ်ချက်တွေအများကြီးရှိတဲ့ သင်ခန်းစာတွေကို သင်နေလို့တော့ ကောင်းတဲ့ အသိအမြင်တွေ ရလာမှာလားပေါ့လေ။ ဒီလိုမျိုး လူသတ်၊ မုဒိန်းကျင့်၊ မီးရှို့၊ အဓမ္မ အနိုင်ကျင့်နေတဲ့ သူတွေဖော်ဆောင်တဲ့ ပညာရေးဟာလည်း ကျမတို့ လူမှုဝန်းကျင်မှာ ကောင်းမွန်ပြည့်စုံပြီးတော့ ပြန်အသုံးချရမယ့် အသိဉာဏ်တွေ၊ အတတ်ပညာတွေ ရလာမှာ မဟုတ်ဘူးဆိုတာကို ယုံကြည်တယ်။ ဒါကြောင့် ကျမတို့ သပိတ်မှောက်တယ် တော်လှန်တယ်” ဟု ကျောင်းသားမိဘ တဦးက ပြတ်သားစွာ တုန့်ပြန်ထားသည်။

တော်လှန်ရေးပြီးသည်အထိ စောင့်နေပါက ကလေးငယ်များ၏ လူမှုဘဝ ဝင်ဆံ့မှုများပါ နစ်နာနိုင်သည်ဟု ထောက်ပြကြသည်။

တဖက်တွင်လည်း စစ်ကောင်စီဖော်ဆောင်မည့် ကျောင်းပညာရေးအား မနှစ်သက်သော်လည်း မိမိတို့၏ ရင်သွေးငယ်များ လက်ရှိ အသက်နှင့်အတန်း ကွာဟမှုများအတွက် စိုးရိမ်နေကြပြီး တော်လှန်ရေးပြီးသည်အထိ စောင့်နေပါက ကလေးငယ်များ၏ လူမှုဘဝ ဝင်ဆံ့မှုများပါ နစ်နာနိုင်သည်ဟု ထောက်ပြကြသည်။

“ကိုဗစ်ကြောင့်ရော၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ရော ကလေးတွေက အသက်နဲ့ သူတို့ သင်ကြားရမယ့် အတန်းပညာတွေနဲ့ ကွာဟသွားပြီ။ ဥပမာ၊ ငါးနှစ်မှာ သူငယ်တန်း တက်သင့်တဲ့ ကလေးက ၇ နှစ်လောက်မှ သူငယ်တန်း တက်နေရတာကတော့ အဆင်မပြေဘူး။ ပညာရေးသပိတ်မှောက်တယ်ဆိုတဲ့ နေရာမှာလည်း နောက်ဆက်တွဲ ဆိုးကျိုးဆိုတာရှိတယ်။ ကလေးတွေရဲ့ ပညာရေး နှောင့်နှေး နစ်နာမှုတွေ ဘယ်အချိန်ကာလမှာ ပြီးမှန်း၊ အောင်မြင်မှန်းမသိတဲ့ အရာတခုအတွက်၊ ကလေးတွေရဲ့ အနာဂတ်ကို ချမနင်းချင်ဘူး။ ကျမတို့ ကိုယ်တိုင်ပဲ မကောင်းပါဘူးဆိုတဲ့ ပညာရေးစနစ်ထဲကနေ ဘွဲ့ရလာခဲ့တာ။ ကျမတို့ကတော့ ဘယ်သူတွေ ဘာပြောပြော ကလေးတွေရဲ့ မျက်နှာကိုထောက်ပြီး ဒီတကြိမ်တော့ နားလည်ပေးစေချင်တယ်” ဟု ကျောင်းသားမိဘ တဦးက သူ့ခံယူချက်ကို ပြောသည်။

ယခင် စစ်အာဏာရှင်အဆက်ဆက် ပညာရေးစနစ်တွင် ကျောင်းစာသင်ခန်းများထက်၊ ကျူရှင် ပညာရေးစနစ်ဖြင့် သင်ကြားခဲ့ရပြီး သင်ကြားရေးဝန်ထမ်းများ၏ အဂတိလိုက်စားမှုများကြောင့် ပညာရေးစနစ်သည် အမှားပေါ်အမှားဆင့်ရင်း သမိုင်းလိမ်ပညာရေးဖြင့်သာ သင်ကြားခဲ့ရသည်ဟု CDM တွင် ပါဝင်သည့် အထက်တန်းပြ ဆရာမတဦးက ဆိုသည်။

“စကစက ဖော်ဆောင်မယ့် ပညာရေးဟာ တိုင်းပြည်လည်ပတ်ဖို့ ယန္တရားအနေနဲ့ အသုံးချလိမ့်မယ်။ သို့သော် တကယ်ပညာတတ်အောင်လုပ်ပေးနိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘူးလို့ မြင်တယ်။ သူတို့ပညာရေးစနစ်ကို လူတွေ ဘယ်လောက်ပါဝင်နိုင်မလဲ ဆိုတာကိုပဲတွေးမယ်။ ဘယ်သူတွေကို ဆွဲဆောင်မလဲဆိုတာကိုပဲ တွေးမယ်။ အခု CDM လုပ်ထားတဲ့ ကျောင်းသားတွေ၊ CDM လုပ်ထားတဲ့ ဆရာတွေ သူတို့ပညာရေးကို သပိတ်မှောက်ထားပါတယ် ဆိုတဲ့သူတွေကို လွယ်လွယ်ကူကူဘယ်လို ဆွဲဆောင်နိုင်မလဲ ကိစ္စကိုပဲ စဉ်းစားလိမ့်မယ်။ ပြောချင်တာက ရုပ်ပြကောင်းအောင်လုပ်မယ့် ပညာရေးပဲဖြစ်မယ်” ဟု ဆိုသည်။

ထို့ကြောင့် ယခုတော်လှန်ရေးသည် ပညာရေးစနစ် တခုတည်းအတွက် တော်လှန် သပိတ်မှောက်နေခြင်း မဟုတ်ဘဲ၊ နိုင်ငံ၏ မှားယွင်းနေသော စနစ်အားလုံးအတွက် တော်လှန်စိတ်ဖြင့် သပိတ်တိုက်ပွဲများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ထပ်လောင်းဆိုသည်။

ပညာရေးစနစ်သည် အမှားပေါ်အမှားဆင့်ရင်း သမိုင်းလိမ်ပညာရေးဖြင့်သာ သင်ကြားခဲ့ရသည်ဟု CDM တွင် ပါဝင်သည့် အထက်တန်းပြ ဆရာမတဦးက ဆိုသည်။

“လက်ရှိအချိန်မှာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားကြတယ်။ ကျောင်းသားတွေ အားလုံးလည်း စာသင်ခန်းတွေ အားလုံးကို စွန့်ခွာခဲ့ကြပြီးတော့ တိုက်ပွဲထဲမှာ ပါဝင်နေကြတယ်ပေါ့လေ။ ဒါက ပညာရေး တိုက်ပွဲတခုတည်းအတွက် မဟုတ်ဘူး။ စနစ်တခုလုံးကို ဖြိုချတဲ့ တိုက်ပွဲဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ထင်သလို မလွယ်ကူဘူး။ ကျနော်တို့ စနစ်တခုလုံးကို ဖြိုချတဲ့ တိုက်ပွဲဟာ ဘယ်လောက်အထိကြာမလဲ၊ ကျောင်းသားတွေက စာသင်ခန်းတွေကို ဘယ်အချိန်အထိ စွန့်ခွာရမလဲဆိုတာတွေက ကြိုမသိနိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်တယ်။ တကယ်လို့ တိုက်ပွဲက ဒီထက်ပို ရှည်ကြာနေမယ်ဆိုရင်တော့ သေချာတယ်၊ လူငယ်တွေရော၊ ကျောင်းသားတွေရောရဲ့ အချိန်တွေဟာ ဘာမှမသင်ကြားရဘဲ၊ မလေ့လာရဘဲနဲ့ ကုန်ဆုံးသွားကြရဦးမယ်။ အဲဒါကတော့ အင်မတန် အန္တရာယ်ကြီးတယ်” ဟု တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တဦးက သူ၏ အမြင်ကို သုံးသပ်ပြောသည်။

ယင်းကြောင့် ကြားကာလ ပညာရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ရှိနေပြီး ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က အမျိုးသားညီညွှတ်ရေးအစိုးရနှင့် ချိတ်ဆက်ကာ လူငယ်များအတွက် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ပို့ချနေသည်ဟုဆိုသည်။ ယင်း သင်တန်းမှာ လူငယ်များအနေဖြင့် မိမိကိုယ်တိုင် လေ့လာသင်ယူနေရမည့် ဘာသာစကားဆိုင်ရာ ပညာရပ်များကို လေ့လာခွင့်ရရှိရန် အခွင့်အလမ်းများအတွက် ထောက်ပံ့ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

“အခုလို သပိတ်မှောက်ထားတဲ့ ကာလမှာ ကျောင်းသားလူငယ်တွေ သင်ကြားမှု၊ သင်ယူမှုနဲ့ လေ့လာဆည်းပူးမှု မပျက်အောင် ဘယ်လို လေ့လာသင့်တယ်၊ ဘယ်လိုပုံစံမျိုးနဲ့ လေ့လာရမယ်ဆိုတာမျိုးကို လုပ်ပေးဖို့ လိုတယ်ဗျ။ ဒါကြောင့် တော်လှန်ရေးကာလအတွင်းမှာ ကျောင်းသား လူငယ်တွေက သင်ကြားသင်ယူလိုတဲ့ စိတ်နဲ့ အမြဲ လေ့လာနေရမှာ ဖြစ်တယ်” ဟု သူက ဆိုသည်။

၎င်းကပင် မူလတန်းအဆင့် ပညာသင်ယူမည့် ကလေးငယ်များအနေဖြင့် ၎င်းတို့ ရင့်ကျက်ချိန်ထက်ပို၍ ရင့်ကျက်မှု နောက်ကျသွားနိုင်သည့် အတွက် တော်လှန်ရေးကို အမြန်ဆုံးပြီးအောင် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံ၏ မှားယွင်းနေသော စနစ်အားလုံးအတွက် တော်လှန်စိတ်ဖြင့် သပိတ်တိုက်ပွဲများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း

“ဒီအတွက်တော့ ကျောင်းသားသမဂ္ဂရဲဘော် တဦးအနေနဲ့ ကျောင်းပြန်တက်ကြပါလို့ တိုက်တွန်းမှာ မဟုတ်ဘူး။ ဒီစစ်ကျွန်ပညာရေးမှာ ဝင်ပြီးတော့ လည်ပင်းအနင်းခံရဖို့ အတွက်တော့ ကျောင်းသွားခိုင်းမှာ မဟုတ်ဘူး။ ကျနော်တို့ ရဲရဲဆုံးဖြတ်ချက်ချဖို့တော့ လိုတယ်။ အဲဒီတော့ ပညာရေးစနစ်ဆိုးကြီးကို ငါယူမှာလား။ မိဘတွေက အရေးကြီးတယ်။ အခုမှ သူငယ်တန်းတက်မယ့် သားသမီးကို နောက်ထက် အနှစ် ၂၀ မှာ ဘယ်လို ပညာရေးစနစ်ကို ဖြတ်သန်းစေချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ရမလား၊ မမှောက်ရဘူးလားဆိုတဲ့ အနာဂတ်ပညာရေးကို ရဖို့ ဆိုရင်တော့ ကျနော်တို့က ရင်းရမှာပဲ” ဟု ဆိုသည်။

ပညာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကျောင်းသားသမဂ္ဂတို့ ချိတ်ဆက်ကာ တွေ့ဆုံဆွေးနွေးမှုများ ရှိသော်လည်း NUG အနေဖြင့်လည်း အားနည်းချက်များ ရှိနေသေးကြောင်း ဆိုသည်။ NUG အနေဖြင့် သူငယ်တန်းအဆင့်မှစ၍ တက္ကသိုလ်တန်းများအထိ ကိုင်တွယ်နေရခြင်း ဖြစ်သောကြောင့် ခရီးပေါက်သင့်သလောက် မပေါက်ဘဲ၊ မြေပြင်တွင် လက်တွေ့ ဘာမှ မလုပ်ဆောင်နိုင်သေးသည့် အခြေအနေမျိုးရှိနေကာ ကာလတခုတွင် ရုပ်လုံးပေါ်လာနိုင်မည်ဟု ယုံကြည်ကြောင်း သုံးသပ်သည်။

“ကျနော်တို့က NUG ကိုလည်း သိပ်အားကိုးတဲ့ သဘောမဟုတ်ဘဲနဲ့ တက္ကသိုလ်ကျောင်းသားတွေရှိမယ်၊ သမဂ္ဂ ကျောင်းသားတွေရှိမယ်။ သူတို့တွေက သူတို့ လက်လှမ်းမီရာ ကျောင်းသားတွေကို ပြန်ပြီး အသိပညာပေးမှုတွေ မျှဝပေးနိုင်မယ့် အခင်းအကျင်းမျိုးကို ကျနော်တို့ ကိုယ်ထူကိုယ်ထနဲ့ ထူထောင်ဖို့ လိုတယ်။ ဒီအတွက် အောင်လက်မှတ် ပေးဖို့မဟုတ်ဘူး။ သင်ရိုးစာအုပ်ထဲကထက် လောကကြီးက သင်ယူသင့် သင်ယူထိုက်တဲ့ အရာတွေကို လေ့လာ ဆည်းပူးနေကြဖို့ ပါပဲ” ဟု သူက ဆိုသည်။

ယင်း သင်တန်းမှာ လူငယ်များအနေဖြင့် မိမိကိုယ်တိုင် လေ့လာသင်ယူနေရမည့် ဘာသာစကားဆိုင်ရာ ပညာရပ်များကို လေ့လာခွင့်ရရှိရန် အခွင့်အလမ်းများအတွက် ထောက်ပံ့ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

ကျောင်းသားလူငယ်များကို ကျောင်းလွှတ်ခြင်း၊ မလွှတ်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက မိဘပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများအား အသိပေးထုတ်ပြန်ချက် တစောင်ကို ယခင်နှစ် နိုဝင်ဘာလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်တွင်းပြည်ပ နိုင်ငံတကာက လုံးဝအသိအမှတ်မပြုသော တရားမဝင် စစ်ကောင်စီ၏ ပညာရေးလုပ်ဆောင်မှု များသည် အလိုအလျောက် တရားမဝင်ကြောင်း ကြေညာထားပြီး ဖြစ်သဖြင့် စစ်ကောင်စီက ခိုင်းစေ ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်များကို ဖက်ဒရယ်ပညာရေး စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ဟု အသိပေးထားသည်။

ထို့ကြောင့် အဟောင်းကိုဖြို၊ အသစ်ကို စရန် တော်လှန်နေချိန်တွင် တိုက်ရင်းဖြင့်ပြင်၊ ပြင်ရင်းဖြင့် တိုက်နေကြရသည့် အတွက် အခက်အခဲများစွာ ရှိမည်ဖြစ်သော်လည်း နိုင်ငံတကာနှင့် တန်းတူညီမျှသည့် ဖက်ဒရယ်ပညာရေးစနစ်ကို သွားလိုရင်း စိတ်အမှန်ရှိပါက ဗဟိုချုပ်ကိုင်မှု တခုတည်းဖြင့်မဟုတ်ဘဲ၊ လုပ်ကိုင်ခွင့်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေများအရ တိတိကျကျ ခွဲဝေလုပ်ကိုင်သင့်ကြောင်း တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေသူ သမဂ္ဂရဲမေတဦးက သူ၏ အမြင်ကို ထောက်ပြပြောဆိုသည်။

ဖက်ဒရယ်ပညာရေးစနစ်ကို သွားလိုရင်း စိတ်အမှန်ရှိပါက ဗဟိုချုပ်ကိုင်မှု တခုတည်းဖြင့်မဟုတ်ဘဲ၊ လုပ်ကိုင်ခွင့်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေများအရ တိတိကျကျ ခွဲဝေလုပ်ကိုင်သင့်

“ဖက်ဒရယ်ပညာရေးလို့ ဆိုတဲ့အခါမှာ သင်ကြားတဲ့ ဘာသာစကားကအစ ကိုယ့်ကျောင်းမှာ ကိုယ်လိုအပ်တဲ့ ပစ္စည်း၊ လိုအပ်တဲ့ ဝန်ထမ်း၊ သင်ကြားမှု ပုံစံတွေကို ကိုယ့်ဒေသအလိုက် ကိုယ့်လူမျိုးစုအလိုက် ကိုယ့်ဖာသာ ဆုံးဖြတ်ခွင့်ရပြီးတော့မှ သင်ကြားခွင့်ရမယ့် ပညာရေးကိုဆိုလိုတာ” ဟု သူက ပြောသည်။

ထို့အပြင် သူက “ဖက်ဒရယ်ပညာရေးလို့ ပြောရင် ကျမတို့နိုင်ငံမှာ ရှိနေသော များစွာသော လူမျိုးစုတွေရဲ့ ဖြစ်တည်မှု၊ သဘောဆန္ဒတွေ အဲဒီအပေါ်မှာ အားလုံးမူတည်ပြီးတော့မှ သူတို့ကိုယ်တိုင် ဖော်ဆောင်တဲ့ ပညာရေးကို ဗဟိုအစိုးရကနေပြီးတော့ သဘောတူညှိနှိုင်း ဖော်ဆောင်ရမယ်ပေါ့လေ။ ဒါမှသာလျှင် သူ့ဒေသမှာ ရှိတဲ့ အခက်အခဲနဲ့ ကိုယ့်ဒေသမှာရှိတဲ့ အခက်အခဲအလိုက် အပြေလည်ဆုံးဖြစ်အောင် ပြင်ဆင်နိုင်မယ်။ ဒီလိုနည်းနဲ့ ကျမတို့ ကလေးတွေ၊ မျိုးဆက်သစ်တွေဟာ ပညာရေးအတွက် သင်ယူရတာ လွယ်ကူ အဆင်ပြေလာမယ်” ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့်လည်း ကျောင်းစာသင်ခန်းများကို စွန့်၍ တော်လှန်ရေးအတွက် တထောင့်တနေရာမှ ပါဝင်နေကြသည့် ကျောင်းသားလူငယ်များအား တော်လှန်ရေးအပြီး တိုင်းပြည် ပြန်လည်တည်ဆောက်ချိန်တွင် ၎င်းတို့၏ အနာဂတ်ရည်မှန်ချက်များကို ပြန်လည် ဖြည့်ဆည်း လုပ်ဆောင်ပေးသင့်ကြောင်း ပညာရေးကျွမ်းကျင်သူများက သုံးသပ်သည်။

ထို့ကြောင့် ပြည်သူလက်ခံသည့် အစိုးရတရပ် ပေါ်ထွန်းလာပါက စာသင်ခန်းများအတွင်း ပြန်လည် ဝင်ရောက်လာမည့် ကျောင်သားလူငယ်များအတွက် အခြေခံအကျဆုံး သိသင့်သိထိုက်သည့် ပြည်သူ့နီတိကဲ့သို့ လူ့ကျင့်ဝတ်များကိုပါ ထည့်သွင်းသင်ကြားရမည် ဖြစ်ကြောင်း၊ ဝေဝါးနေသော မြန်မာ့ပညာရေးစနစ်မှသည် အနာဂတ်တွင် ကောင်းမွန်ပြည့်စုံသည့် ဖက်ဒရယ်ပညာရေးစနစ်ဆီသို့ သွားရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *