ချင်းပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာက အရေးယူမှု

နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျယ် အပြန့်ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အချိန်မှာပဲ ချင်းပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အရေးယူဆောင်ရွက်ချက်တွေ ပိုမို ရရှိရေးအတွက် သံန္နိဌာန်ချမှတ်လုပ်ဆောင်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government – NUG)က ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့က အွန်လိုင်းကတဆင့်ကျင်းပတဲ့ မတူပီမြို့နယ်အတွင်း အရပ်သား ပြည်သူတွေ သတ်ဖြတ်ခံရတာတွေအပါအဝင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသား ညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက အဲဒီလိုပြောလိုက်တာပါ။

အိမ်ကနေ နွားနောက်သွားဖမ်းဖို့ တောစပ်ဘက်ထွက်သွားတဲ့သူတွေ၊ အလုပ် ကိစ္စတွေနဲ့ အိမ်ကနေ ခရီးတခုသွားခဲ့တဲ့သူတို့မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ် ခဲ့ကြောင်း ဒေသခံပြည်သူ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့က အဲဒီ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်ကာ သူတို့မိသားစုဝင်တွေ ကြုံခဲ့ကြရပုံတွေကို ရင်ဖွင့်ပြောခဲ့ကြပါတယ်။

မတူပီမြို့နယ် ကျေးရွာတချို့က ရွာသား ၁၀ ယောက် နှိပ်စက်သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို ဇန်နဝါရီလဆန်းပိုင်းလောက်က ပြန်တွေ့ခဲ့ကြရပါတယ်။ သေဆုံးသွား ရသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ဆလိုင်းလာနန်းလည်း တယောက် အပါအဝင်ပါ။ သူ့ဖခင်ဖြစ်သူဦးဂျိုးဇက်က “ဒီနေ့အထိ မဖြေသာနိုင်သေးဘူး၊ နေ့တိုင်းသတိရတယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။

နွားနောက်သွားဖမ်းဖို့ အိမ်ကထွက်သွားတဲ့ သူ့ခင်ပွန်း ဦးပေါပါထူး အိမ်ကိုပြန်ရောက် မလာတော့ဘဲ “သူ့အလောင်းကို ဓာတ်ပုံထဲမှာ ပြန်တွေ့လိုက်ရတယ်”လို့ သူ့ဇနီး ဖြစ်သူ ဒေါ်သီတာထွေးက ပြောပါတယ်။

အခုလို လောလောလတ်လတ်ဖြစ်ခဲ့တဲ့ မတူပီက သတ်ဖြတ်မှုတွေအပြင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင်းမှာ စစ်ကောင်စီတပ်တွေက သတ်ဖြတ်တာခံခဲ့ရတဲ့ အရပ်သားပြည်သူ ၁၈၂ ယောက် ရှိကြောင်း NUG ကပြောပါတယ်။

ချင်းပြည်နယ်အတွင်း အခုလို အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုတွေအပြင် ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးတိုက်ခိုက်တာ၊ လူနေအိမ်တွေကို မီးရှို့တာ၊ အရပ်သား ပြည်သူ အများအပြားနေအိမ်တွေမှာ မနေထိုင်နိုင်အောင် လုပ်ဆောင်နေတာတွေပါ ရှိနေ ကြောင်းလည်း သူတို့ကပြောပါတယ်။

ထန်တလန်မြို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေအတွင်း ၁၄ ကြိမ်တိုင် စစ်ကောင်စီက မီးရှို့ခဲ့တဲ့အတွက် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၇ ကျောင်းနဲ့ အိမ်ပေါင်း ၇၂၇ အိမ် မီးလောင်ခံခဲ့ရတယ်၊ မြို့မှာရှိတဲ့ လူအကုန်လုံးလည်း ဘေးလွတ်ရာမှာ ရှောင်နေရ တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ မီးရှို့တာတွေ မလုပ်ဘူးလို့ဆိုကာ ငြင်းဆိုထားပါတယ်။

ချင်းပြည်နယ် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူပေါင်း ၅ သောင်းကျော်လည်း အိုးအိမ်တွေကိုစွန့်ခွာကာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) ရဲ့ စာရင်းတွေအရသိရပါတယ်။

“ဒီလို စစ်ကောင်စီက အရပ်သားတွေကို ထင်သလို တရားမဲ့သတ်ဖြတ်တာတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ အိမ်တွေကိုပစ်ခတ်တာတွေ၊ လူအများအပြား အိုးအိမ်ကိုပစ်ကာ ထွက်ပြေးရအောင် လုပ် တာတွေက ဂျနီဗာသဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်သလို၊ လူသားမျိုးနွယ် တခုလုံးအပေါ် ရာဇဝတ်ကျူးလွန်မှု (Crime against Humnaity) မြောက်တယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားသူ နောက်တယောက်ဖြစ်တဲ့ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန ဝန်ကြီး ဒေါက်တာ ဆာဆာကလည်း သူတို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူဆောင်ရွက်မှုတွေရဖို့ ကြိုးပမ်းရာမှာ “ကုလသမဂ္ဂက တခုတင်မကပဲ သက်ဆိုင်ရာ နိုင်ငံအသီးသီးက ပူးပေါင်းဆောင်ရွက် အရေးယူမှုတွေရအောင်လည်း ကြိုးပမ်းနေတယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက စစ်ကောင်စီဟာ နိုင်ငံတကာ အရေးယူဆောင်ရွက်ချက်တွေကို ပမာမထားဘဲ သူတို့ပြုမူဆောင်ရွက်ချက်တွေကို ထိန်းသိမ်းကန့်သတ်ခြင်းမရှိ ဆက်ကာ ဆက်ကာ ဆောင်ရွက်နေတာဆိုတဲ့ သုံးသပ်ချက်တွေကလည်း ရှိနေတာပါ။

စစ်ကောင်စီဆီကို အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် လာခဲ့ပြီး “စစ်ကောင်စီကို နားချနိုင်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားနိုင်မယ်လို့ ထင်သွားခဲ့ပုံရတယ်၊ ဒါပေမဲ့ အခု လူ့အခွင့်အရေးချိုးဖောက်မှုတွေက ထပ်ဖြစ်နေတာ ဆိုတော့ နားချရုံနဲ့ မရဘူးဆိုတာကို စစ်ကောင်စီက (နိုင်ငံတကာကို) ထပ်သတင်းပါး လိုက်တာပဲ”၊ ဒီလိုပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ကြောင်း ပြောနေကြတာတွေ ရှိနေပေမယ့် ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေက ရပ်မသွားတော့ “ကုလသမဂ္ဂရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေး အရေးယူရမယ့် အဆင့် ဖြစ်နေပြီ”လို့ NUG အနေနဲ့ ယုံကြည်ထားကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *