ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ထုတ်တာတောင် အသနားခံစာတင်ပြီး ထောက်ခံစာပြရတော့မယ့် ပြည်သူတွေရဲ့ ဒုက္ခ

ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အထောက်အထားပြည့်စုံ ခိုင်လုံမှုရှိရင် လူပုဂ္ဂိုလ် တစ်ယောက်ချင်းရဲ့ ဘဏ်စာရင်းအသီးသီးက တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၁၀၀) အထိ ထုတ်ယူခွင့် ပြုတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီ (၁) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အရင်က ငွေသားထုတ်ယူတာကို ATM/POS ကနေ တစ်ရက်ကို အများဆုံး ကျပ် (၅) သိန်း၊ တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၂၀) သာ ထုတ်ယူခွင့် ပြုခဲ့တာဖြစ်ပါတယ်။ ဘဏ်တွေမှာ အပ်ငွေပမာဏ ပြန်များလာတဲ့အတွက် ငွေသားတိုးမြှင့်ထုတ်ခွင့်ပြုတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။

အများပြည်သူများ မိမိတို့ရဲ့ ငွေကြေးများကို ဘဏ်များထုတ်ယူခွင့် ကန့်သတ်ထား သော်လည်း အစိုးရ ရုံးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေအတွက် ဘဏ်တွေကနေ လူတစ်ဦးချင်း တစ်ပတ်ကို အများဆုံး ကျပ် သိန်း ၁၀၀၀ အထိ ထုတ်ယူနိုင်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁ ရက် နေ့ကစပြီး ငွေသားစီမံခန့်ခွဲမှု ချောမွေ့ အဆင်ပြေစေရေးအတွက်ဆိုပြီးအစိုးရဌာနများ၏သင်တန်းကျောင်းစရိတ်များ၊ ဆုချီးမြှင့် ငွေများ၊ ဝတ်စုံကြေး များ ၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေများ ၊ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ငွေ များ၊ ဝန်ထမ်းဆုချီးမြှင့်ငွေများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများအတွက် ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) အထိ ထုတ်ယူနိုင် တယ်လို့ဆိုပါတယ်။

စက်မှုဇုန်၊ စက်ရုံတွေရဲ့ လုပ်ခလစာကိစ္စရပ်တွေအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေးမည့်အပြင် ကုန်ကြမ်း ဝယ်ယူတာအတွက် ငွေကြေးလွယ်ကူမှုအပေါ် မူတည်ပြီး တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၁၀၀၀) အထိ ထုတ်ယူခွင့် ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေရဲ့ အသုံးစရိတ်တွေ၊ ဘတ်ဂျတ်ငွေနဲ့ ဆောင်ရွက်နေတဲ့ ဒေသ/ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ ထောက်ပံ့ကြေး၊ လျော်ကြေးစတဲ့ ကိစ္စရပ်တွေအတွက်လည်း တစ်ပတ်ကို ကျပ်သိန်း (၁၀၀၀) ထုတ်ယူခွင့်ပေးထားတယ်လို့ သိရပါတယ်။

ထို့အပြင် ဘဏ်စာရင်းအသစ်သို့ ငွေသား ဝင်ရောက်ခြင်းဖြစ်ပါက အပ်နှံသည့် ငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုရန်နှင့် ဘဏ်စာရင်းအဟောင်းသို့ ငွေသားဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ငွေသား ပေးသွင်းသည့်ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးရန် ထုတ်ပြန်ထားပါတယ်၊

အများပြည်သူများအနေဖြင့် ငွေသားသုံးစွဲမှုလျော့ချပြီး အီလက်ထရောနစ်ငွေပေး ချေမှုနည်းလမ်းများဖြင့် ပိုမိုပေးချေရေးကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဘဏ်များ အနေဖြင့်လည်းငွေပေးချေမှုစနစ်များ အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်ပါဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ယခုလို ငွေသားထုတ်ယူနိုင်မှုကို ဖြေလျော့ပေးလိုက်ပေမယ့်လည်း အစိုးရနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာသာ ထုတ်ယူခွင့်ရှိပြီး ပြည်သူတွေ အပ်နှံထားတဲ့ ငွေတွေကိုတော့ ထုတ်မပေးနိုင်သေးပါဘူး။

ယခုဆိုရင် အေတီအမ်စက်တွေကနေ ပိုက်ဆံမထုတ်ပေးနိုင်တာ တနှစ်ကျော်လာပြီ ဖြစ်ပြီး ပြည်သူတွေ လက်ထဲမှာ ငွေသားများ ပြတ်လပ်နေကာ လေထဲက ပိုက်ဆံ ဖြစ်တဲ့ အွန်လိုင်း banking တွေထဲမှာသာ ပြည်သူ့ငွေတွေ ပိတ်မိနေတာ ဖြစ်ပါတယ်။

ဘဏ်တွေက ဘဏ်နဲ့တူတဲ့ အလုပ် အခုထိ မလုပ်နိုင်သေးတဲ့ အချိန်မှာ ငွေစက္ကူအတု အများအပြား ပေါ်ပေါက်လာခြင်း၊ ကုန်ဈေးနှုန်းများ ထိန်းမရအောင် တက်လာခြင်းနဲ့ ဆင်းရဲကျပ်တည်းမှုဒဏ်ကို လူအများအပြား ခံနေရပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *