China ကို “တရုတ်” ဟုမြန်မာတို့ခေါ်ရခြင်းအကြောင်း”

မြန်မာ့သမိုင်းကြော င်း တလျှောက်မှာ တရုတ်နဲ့ ပတ်သက်တဲ့ အသုံးအနှုန်း များစွာ ရှိပါတယ်။ စိန့်၊ စိန့်တိုင်း၊ ဂန္ဓာလရာဇ်၊ တရုတ်၊ တရက်တို့ပေါ့။ ဒါတွေဟာ ပုဂံခေတ်ကတည်းက သုံးခဲ့ကြတာပါ။

စိန့် (သို့) စိနလို့ ခေါ်တာက ချင်မင်းဆက်နဲ့ ပတ်သက်တယ်။ ချင်ရှီဟွမ်တီ လက်ထက်လောက် ကတည်းက အိန္ဒိယနဲ့ ကုန်သွယ်ရာက တရုတ်အုပ်စိုးတဲ့ မင်းဆက် Chin ကို အကြောင်းပြုပြီး Cinadesa စိနဒေသ (သို့) စိနရဋ္ဌ Cinna Rattha လို့ ခေါ်ခဲ့ကြတာ။

အဲ့လို အိန္ဒိယသားတို့ အခေါ်က အနောက်ဘက်တခွင်ကို ပျံ့နှံ့လာပြီး အိန္ဒိယသားတို့အတိုင်း အသံဖလှယ်ကာ စိနလို့ ခေါ်လာကြတာ။ အင်္ဂလိပ်လိုတော့ China လို့ ဖလှယ်ခဲ့တာပါ။

စိနဆိုတော့ ရွှံ့တိုင်းပြည်ပေါ့။ ကြွေထည်ကို ရည်ညွှန်းဟန်ပါပဲ။ ဒီလိုနဲ့ မြန်မာတို့ကလည်း အိန္ဒိယတိုင်းသားတို့ အခေါ်အတိုင်း စိန့်တိုင်းပြည်လို့ ခေါ်ခဲ့ကြတာ။

ဂန္ဓာလရာဇ်ကတော့ ဘာသာအယူကနေ ဆင်းသက်လာဟန်ပါပဲ။ တရုတ်သြဇာခံ နန်စော (၆) နယ်ဆိုတာ ရှိတယ်။

ပိုးလမ်းမကြီးကနေ နန်စောတို့ကုန်သွယ်ရာမှာ ကာမပူရလို့ ခေါ်တဲ့ ရှေးဟောင်း အိန္ဒိယဖြစ်တဲ့ အာသန်နယ်အထိ ရောက်တယ်။အဲ့ဒီကနေ အိန္ဒိယ ယဉ်ကျေးမှုကို ဆက်ခံရာက အိန္ဒိယမြို့ အမည်ကိုပါ ဆက်ခံလာဟန်ပါပဲ။

ဒါအပြင် ရှေးဟောင်း အိန္ဒိယရဲ့ ဂန္ဓာရတိုင်းနဲ့ နန်စော (၆) နယ်ဟာ ပထဝီဝင်အနေအထားပါ တူညီနေတာကြောင့် နန်စောတွေက သူတို့ဒေသကို ဂန္ဓာလရာဇ် ဆိုပြီး ဝိဂြိုလ်ပြု ခေါ်ဝေါ်ရာက ဂန္ဓာလရာဇ် အမည် တွင်လာခဲ့တာ။

သူတို့ကိုယ် သူတို့လည်း အသောကအနွယ်တော်တွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ စိနရဋ္ဌကိုလည်း စောနယ်ဖြစ်တဲ့ ဂန္ဓာလရာဇ်နဲ့ ရောထွေးပြီး သုံးလာခဲ့ကြတာ။

ကုန်းဘောင်ခေတ် မှတ်တမ်းတွေမှာတော့ တရုတ်နိုင်ငံကို ဂန္ဗာလရာဇ်တိုင်း၊ ယူနန်နယ်ကို ဝိဒေဟတိုင်းလို့ ဗမာတွေက သုံးစွဲခဲ့တာလည်း ရှိပါတယ်။ကျနော်တို့ ငယ်ငယ်က “တရုတ်တရက်” ဆိုတဲ ဝေါဟာရကို မကြာခဏ ကြားခဲ့ရဖူးတယ်။

အရွယ်ရောက်လာတော့ ဒီဝေါဟာရဟာ ပျောက်ကွယ်သွားခဲ့တယ်။သက္ကရာဇ် ၂ဝဝဝ လောက် ရောက်တော့ ပြန်ကြားလာရပြန်တယ်။ ဒီတခါ ပြောတာနဲ့ အရင်က ခေါ်ခဲ့တာနဲ့ အဓိပ္ပာယ် မတူတော့ဘူး။

ဒီတခါ ပြောကြတာက တရုတ်ပစ္စည်းသုံးရင် တရက်ပဲ ခံတယ်ဆိုတဲ့ သဘောနဲ့ “တရုတ်တရက်” လို့ အရပ်ထဲမှာ သရော်တဲ့ သဘောနဲ့ ခေါ်ကြတာ။

ရှေးလူကြီးတွေ ပြောခဲ့တဲ့ တရုတ်တရက် ဆိုတာ ဘာလဲ ဆိုတာရယ်၊ ဘာကြောင့် ဒီလိုခေါ်လဲ ဆိုတာကို သိချင်လာတယ်။

ဟုတ်တယ် အရင်ရှေးခေတ်က တရုတ်တရက်လို့ ခေါ်ခဲ့တဲ့ မှတ်တမ်းတွေဟာ ရှိခဲ့ပါတယ်။မြန်မာတွေက “စိန” ဆိုတာကို အင်္ဂလိပ်က China လို့ သုံးတယ်။ ရွှံ့တိုင်းပြည်ပေါ့။ ပုဂံခေတ်ကတော့ “စိန့်” လို့ ခေါ်ခဲ့ကြတာပါ။

အင်းဝခေတ်ရောက်မှ “စိန့်” လို့ မခေါ်တော့ပဲ “တရုတ်” လို့ ခေါ်ခဲ့ဟန် ရှိတယ်လို့ မြန်မာပညာရှင်များက သုံးသပ်ကြပါတယ်။တရုတ်ဆိုတဲ့ ဝေါဟာရကလည်း အိန္ဒိယတို့နဲ့ အခြားသူတွေက Taruk ,Taruook ကနေ Tarok, Tayok ဖြစ်လာတာကိုပဲ အသံဖလှယ်ပြီး

“တရုတ်” လို့ပဲ အင်းဝသားတွေက ခေါ်ခဲ့ကြတာလို့ ဆိုပါတယ်။၁၈ ရာစုထဲ အရောက်မှာတော့ မြန်မာတွေက တရုတ်ကို “ပေါက်ဖော်” ဆိုတဲ့ ဝေါဟာရနဲ့ အစားထိုးသုံးစွဲခဲ့တယ်။ဒါကြောင့် “ပေါက်ဖော်” ဆိုတဲ့ ဝေါဟာရက မြန်မာတွေ ပါးစပ်ထဲမှာ ၁၈ ရာစုမှ ရောက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

အချို့မှတ်တမ်းတွေအရ ပြောရရင် မြန်မာတွေက မွန်ဂိုနဲ့ စိန့်တိုင်းသားတွေကို ကွဲကွဲပြားပြား မခွဲခြားတော့ဘဲ တရုတ်လို့ ရောထွေးစွာ ခေါ်ခဲ့ကြတာ ဖြစ်တယ်။တကယ်တော့ မွန်ဂိုနဲ့ စိန့်တိုင်းသားတို့ဟာ ဘာသာစကား၊ ဝတ်စားဆင်ယင်မှုက အစ ကွဲပြားကြတယ်။

မွန်ဂိုတို့က တုရက်ရ် (Turk) လို့ ခေါ်တဲ့ စိန့်တိုင်းသားတွေနဲ့ မတူညီဘူးလို့ သဘောပေါက်လာတာက ညောင်ရမ်းခေတ် ရောက်မှလို့ ဆိုပါတယ်။အဲ့ဒီအရင်ကတော့ မြန်မာတွေက အရှေ့မြောက်က လာတဲ့ လူတိုင်းကို သိမ်းကျုံးပြီး တရုတ်လို့ ခေါ်ခဲ့ကြတာ။

ရှင်ဒိသာပါမောက် ကျောက်စာမှာ မွန်ဂိုတွေကို “တရုတ်” လို့ သုံးထားတယ်။ရှင်ဒိသာပါမောက် စစ်ပြေငြိမ်းရေးအတွက် တကောင်းကို ရောက်တော့ မွန်ဂိုတပ်ဖွဲ့ထဲမှာ “တုရက်ရ်” (Turk) လူမျိုးတွေ ပါတယ်။ တိဘက်လိုတော့ Drug ဒရုဂ် လို့ ဆိုတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ မွန် ဂိုတပ်ဖွဲ့ကြီးကို တရုတ်လို့ အသံဖလှယ်ခေါ်ရာက စိန့်၊ စိနတိုင်းကို တရုတ်လို့ ခေါ်ဆိုလာခဲ့ကြတာ။မြန်မာတွေက အရှေ့မြောက်က ဝင်လာသူတိုင်းကို ခွဲခြားမနေတော့ဘဲ

တရုတ်လို့ သိမ်းကျုံး ခေါ်လိုက်တာပါပဲ။ ဒါဟာ ပုဂံခေတ်ကတည်းက ခေါ်ခဲ့တာ။

တကယ်တော့ စိန့်သားတွေနဲ့ မွန်ဂိုတွေဟာ မတူညီကြဘူး။ ဝတ်စား ဆင်ယင်ပုံ။ ဘာသာစကား၊ ယဉ်ကျေးမှုက အစ ကွဲတာ။နောက်ပိုင်းတော့ စိန့်သားတွေကိုပဲ မြန်မာတို့က တရုတ်လို့ ခေါ်လာတယ်။တရုတ်ကို မန်ချူးတို့ လွှမ်းမိုးလာတဲ့ အချိန်မှာတော့ မြန်မာတွေက စိန့်သားနဲ့ မန်ချူးကို ခွဲခြားခေါ်လာတယ်။

စိန့်သားတွေကို တရုတ်လို့ခေါ်ပြီး မန်ချူးတွေကိုတော့ တရုတ်နဲ့ အသံထွက် နီးစပ်ရာကိုယူပြီး “တရက်” လို့ ခေါ်ခဲ့ရာက စတင်ခဲ့တာပါ။ မန်ချူးကို “တရက်” လို့ ခေါ်ခဲ့တာက ညောင်ရမ်းခေတ်က စတင်ခဲ့တာလို့ ဆိုကြပါတယ်။

အဲ့ဒီနောက်ပိုင်းတော့ မြန်မာတို့က တရုတ်တရက် ဆိုပြီး တွဲခေါ်ခဲ့ကြတာ။ အခုတော့ တရက် ဆိုတာ ပျောက်လို့ အရှေ့မြောက်ဘက် နိုင်ငံကို တရုတ် (China) ဆိုတဲ့ ဝေါဟာရ တခုတည်းကိုပဲ အစဉ်တစိုက် အသုံးပြု လာကြပါတော့တယ်။

တချိန်က “တရုတ်တရက်” ဆိုတဲ့ အသုံးရှိခဲ့ကြောင်းနဲ့ တရုတ်ပစ္စည်း တရက်သာ ခံတယ်ဆိုတဲ့ သဘောနဲ့ အသုံးပြုခဲ့တာ မဟုတ်ကြောင်း ဖော်ပြလိုက်တာပါ။

အခု တင်ပြခဲ့တာကတော့ သုတေသီတွေနဲ့ သမိုင်း လေ့လာသူတွေအတွက် အထောက်ကူ ဖြစ်မယ်ထင်လို့ ရှာဖွေတင်ပြလိုက်ရကြောင်းပါ။

ကိုးကား- တရုတ်-မြန်မာဆက်ဆံရေးအပိုင်း(၂) ထွန်းဇော်ဋ္ဌေး….ရေးသားသူ – ဆရာဌေး (DVB)

Leave a Reply

Your email address will not be published. Required fields are marked *