DSA တွေ ဖျက်ဆီးခဲ့တဲ့တိုင်းပြည်ကို တိုင်းရင်းသား၊ PDF နဲ့ GenZ တွေက ပြန်တည်ဆောက်ပြ ပါလိမ့်မယ်

အကြမ်းဖက်စစ်အုပ်စုလက်ကိုင်တုတ် စစ်တက္ကသိုလ် DSA ကျောင်းဆင်းတွေ ဖျက်ဆီးခဲ့တဲ့ တိုင်းပြည်ကို တိုင်းရင်းသားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ မျိုးဆက်သစ် GenZ လူငယ်တွေက ပြန်တည်ဆောက်ပြလိမ့်မယ်လို့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

“တိုင်တတိုင်ကို လူငယ်လေးငါးယောက်လောက် တန်းစီအကာကွယ်ယူ “ညီ”ခဲ့တဲ့ သွေးတွေက တတောင့်ထိုးတူမီးလေး အလှည့်ကျပြန်ပစ်၊ ဒီကနေ ဝေဟင်ပစ်အထိ လက်လှမ်းနိုင်နေပြီပဲ။ ဒီနိုင်ငံသမိုင်း တလျှောက်မှာ စစ်တပ်ထိခိုက်အကျအဆုံး အများဆုံးနှစ်ဖြစ်တဲ့အထိ ပြန်တိုက်နိုင်ခဲ့ပြီ ။

” ရှင်လူမုန်း ရှုံးတော့သေ “စစ်သားတွေ ပြည်သူ့ရင်ခွင်ဆီစုပြုံတန်းစီဝင်လာတာမျိုး၊ ဘာလို့ ပြည်သူတွေမလုပ်နိုင်ရမှာလဲ။ စိတ်ညီလက်ညီလို့ပဲ Silent Strike လို ကမ္ဘာကျော်သပိတ် နွှဲပြခဲ့ပြီးပြီ။

မနေ့တနေ့ကပဲ ၂ ရက်ထဲနဲ့ ရန်ပုံငွေ သိန်းကိုးထောင်ရအောင် ညီပြလိုက်ပြန်ပြီ။ မီးလောင်ပြင်မှာတော့ပန်းမပွင့်ဘူးပေါ့။ ဒါပေမဲ့”တော မီးလောင်ပြီးပြီးချင်းပွင့်ရဲတဲ့ Fire LiLi လို ပန်းမျိုး”တကယ်ရှိပါတယ်။”

ကိုမင်းကိုနိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်အုပ်စုက မတရားအာဏာသိမ်းပြီးချိန်ကတည်းက စတင်ကာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အရှိန်အဟုန်မြင့်တက်စေဖို့ မျိုးဆက်တွေနဲ့ ချိတ်ဆက်ကာ ခုချိန်ထိတိုင်အောင် ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုကတော့ ကိုမင်းကိုနိုင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ပြီးခဲ့တဲ့ မတ်လ ၄ ရက်က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားတဲ့ အောက်ပါပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်တွေ ဖော်ထုတ်တွေ့ရှိရလို့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲတာလို့ အကြမ်းဖက်စစ်ကောင်စီ ကြေညာချက်မှာ ဖော်ပြပါတယ်။

“လူတိုင်းသိတဲ့လျှို့ဝှက်ချက်။ အမိန့်ညွှန်ကြားချက်တွေ”ထိပ်တန်းလျှို့ဝှက်”တဲ့။လိုင်းပေါ်မှာ သိန်းနဲ့ချီ ကြည့်ပြီးပြီ။ သောင်းနဲ့ချီ ရှယ်ပြီးပြီ။ ခုက စစ်ဖြစ်နေတာ ငြင်းမရပါဘူး။ ဒါပေမဲ့ အကြံဖန်စစ်မဟုတ်ဘူး”စစ်”စစ်စစ်ပါ။ တော်လှန်ရေးက ကြီးလွန်းလို့ ဖြစ်လာတဲ့စစ်ပါ။ အကြံအဖန်စစ်လည်း မဟုတ်ပါဘူး။

performance မျိုးစုံနဲ့ ကမ္ဘာ့အဆင့်မီ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ပေမယ့် သူတို့ဘက်က ခေါင်းချည်း ရွေးပစ်ခဲ့လို့ လမ်းပေါ်မှာ နေ့စဉ်ရာချီ ပစ်သတ်ခံခဲ့ရလို့ ဖြစ်လာတဲ့စစ်ပါ။ ငြိမ်းချမ်းရေးကဗျာဆရာတွေတောင် ရှေ့ဆုံးက တိုက်ပွဲဝင် အသက်စွန့်ကြရတာပါ။ ဒီနေ့အထိလည်း တိုက်နေဆဲ။

တစ်နေ့တစ်နေ့ ကွဲလိုက်ရတဲ့ မိုင်းတွေ၊ စစ်သားကျဆုံးမှုရာပြည့် ရာကျော်၊ တိုက်ပွဲတွေအကြောင်း မပြောတော့ပါဘူး။ မိန်းမတွေကို လက်နက်ကိုင်ခိုင်း၊ ရဲကိုအရင်ဆုံး စစ်ထဲဝင်တိုက်ခိုင်း၊ ပြီးရင် လဝက အကောက်ခွန် လက်နက်ကိုင်တွေ။

မီးသတ်ကြက်ခြေနီတပ်ဖွဲ့တွေမကျန်၊ NonCDM မှသည် ယခုနောက်ဆုံး ဘာသာရေးအကြောင်းပြအဖွဲ့အစည်းတွေအထိ စစ်ထဲကိုထိုးထည့်ဖို့ပြင်နေတဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ လူတိုင်းသိတဲ့လျှို့ဝှက်ချက်တွေ။”

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ မလျော်ဩဇာအသုံးပြုပြီးတော့ ပြည်သူတွေအပေါ် ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အခြေအနေတွေ၊ အလွှာအသီးသီးကို ဖဲ့ယူကိုက်စား ထိုးကျွေးတော့မယ့် အခြေအနေတွေ၊ လတ်တလော စစ်မျက်နှာအခြေအနေတွေနဲ့ ပတ်သက်ပြီး တော့လည်း ကိုမင်းကိုနိုင်က ခုလိုပြောပါတယ်။

“တစ်နေ့တစ်နေ့ တိုက်လိုက်ရတဲ့ လေကြောင်း။ ဒါမှစစ်မဟုတ်ရင် ဘယ်ဟာကစစ်လဲ။ စစ်ပွဲလို့လက်ခံပြီးရင်တော့ သူ့လူကိုယ့်လူ ရှင်းဖို့လိုပါတယ်။ ခုဟာက တစ်စုတစ်ဖွဲ့ချင်း ကိစ္စမဟုတ်ပါ။

ပြည်သူ တစ်ရပ် လုံးက မြို့တိုင်းလမ်းတိုင်း နယ်တိုင်းရွာတိုင်းမှာ တိုက်နေကြတာ၊ သေနတ်ကိုင်တာနဲ့ မကိုင်တာပဲကွာပါတယ်။ ဒါလည်းလူတိုင်းသိတဲ့လျှို့ဝှက်ချက်ပဲ။ ဒါမှပြည်သူတော်လှန်ရေးမဟုတ်ရင် ဘယ်ဟာက ပြည်သူ့ တော်လှန်ရေးလဲ။

တဖက်ကလည်း သင်္ကန်းဝတ်တွေကိုပါ လက်နက်တပ်ဆင်ပေးနေတဲ့ပုံတွေ ထုတ်ပြလာတယ်။ ဒါစစ်ဖြစ်နေတယ်ဆိုတာ ဝန်ခံတာပါပဲ။ သူတို့ထဲမှာလည်း တစ်ယောက်ကိုတစ်ယောက် မယုံကြည်။ ဒီလိုပဲသူဌေးတွေကအစ အန္တရာယ်ရှိနေတာ လူတိုင်းသိတဲ့လျို့ဝှက်ချက်ပါ။

အရင်အစိုးရလက်ထက်က အလှူကြီးလုပ်ခဲ့ ဘွဲ့တံဆိပ်ရခဲ့သူတွေကို စာရင်းကောက်နေတာ ဒါဘာသဘောလဲ။ သူဌေးတွေကို ဘာအမှာစကားပေးချင်တာလဲ။ ခြိမ်းခြောက်နေတာလား ငွေတောင်းနေတာလား နှစ်မျိုးလုံးဖြစ်ပါတယ် သေချာတာက အလွှာအသီးသီးကို သူတို့ဖဲ့ယူကိုက်စားတော့မှာပါ။”

ဒါ့အပြင် ဒီစစ်ပွဲဟာ အကြမ်းဖက်စစ်အုပ်စုဘက်က အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ခဲ့တာမို့ ခုခံတော်လှန်စစ်အနေနဲ့ စတင်ခဲ့တာဖြစ်ကြောင်းကိုလည်း ခုလိုပြောထားပါတယ်။

“သူတို့ဘက်ကခေါင်းတွေချည်းရွေးပစ်လို့ ကိုယ်ကပြန်ခုခံတာပါ။ ခုခံပြန်တော့အကြမ်းဖက်သမားတဲ့ မတော်ကြသေးဘူးလား မပြီးနိုင်ကြသေးဘူးလားတဲ့။ ပြည်သူကိုထိုးဖို့ လက်ညှိုးပြင်တဲ့သူတွေ အတွက်ပါ။

သူတို့ကလူထုစိတ်ဓာတ်ကျလိုကျငြားသွေးရူးသွေးတမ်းအစွမ်းကုန်ဖိနှိပ်ပြခြိမ်းခြောက်ပြပါလိမ့်မယ်။ဒါပေမဲ့ပြည်သူတွေကစိတ်ကျစရာလား။ “ပြည်သူတွေ ဟေး ခနဲပျော်သွားဖို့ ပြည်သူတွေကိုယ်တိုင် မတတ်နိုင်ဘူးလား။သိပ်တတ်နိုင်တာပေါ့။ ကလစ်နှိပ်တာတစ်ခုတည်းက ရက်ပိုင်းအတွင်း သိန်းထောင်ချီရတာမျိုး၊ ခုလုပ်ခုရပါတယ်။ လုပ်ပြလိုက်ကြဖို့ပါပဲ။”

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

DVB

Leave a Reply

Your email address will not be published. Required fields are marked *