ဗဟိုဘဏ် ထုတ်ပြန်ချက်ထွက်ပြီးနောက် ပို့ကုန်လုပ်ငန်းအပေါ် သက်ရောက်မှုရှိ ၊ ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းလာ

ဗဟိုဘဏ် ထုတ်ပြန်ချက်ထွက်ပြီးနောက် ပို့ကုန်လုပ်ငန်းအပေါ် သက်ရောက်မှုရှိ ၊ ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းလာ

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေများအား တစ်ဒေါ်လာလျှင်(၁၈၅၀ )ကျပ်သတ်မှတ်ပြီး ဘဏ်များသို့ ထည့်သွင်းပေးရမည်ဟူသောထုတ်ပြန်ချက်ကြောင့် ပို့ကုန်လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိခဲ့ပြီး ရွှေဈေးနှုန်းအနည်းငယ် ကျဆင်းလာခဲ့ကြောင်း သိရသည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “ရုတ်တရက်ပြောင်းလဲလိုက်တဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်တွေဆီကို ဝင်လာတဲ့ငွေတွေက ၁၈၅၀ နဲ့ ဖြစ်သွားတယ်။ အရင်က ၂၀၅၀ နဲ့ မှန်းပြီး ရောင်းထားတော့ ဆုံးရှုံးမှုရှိတာပေ့ါ။ ခန့်မှန်းချေဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ရှုံးနိုင်ချေရှိတာပေ့ါ’’ ဟု ဆင်ဟွာသို့ ယနေ့ ဧပြီ ၅ ရက်တွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ခုနှစ်၊ ဧပြီ ၄ ရက်မှစ၍ AD လိုင်ရ ဘဏ်အသီးသီးသို့ ဝင်ရောက်လာသည့် ပြည်တွင်းနေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ရောက်ငွေ (ကုန်သွယ်မှုရငွေ၊ ကုန်သွယ်မှုမဟုတ်သောရငွေ) များကို ကင်းလွတ်ခွင့်ပြုမည့် ကိစ္စရပ်များအပ ADလိုင်စင်ရဘဏ်များတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းများသို့ ဝင်ရောက်ပြီးသည့်နေ့မှ အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်၍ အဆိုပါနိုင်ငံခြားငွေရရှိသူက ဖွင့်လှစ်ထားသည့် ကျပ်ငွေစာရင်းသို့ထည့်သွင်းပေးရမည်ဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက “အပြောင်းအလဲက မြန်တော့ နည်းနည်းတော့ ထိသွားတာပေ့ါ။ ဆုံးရှုံးမှုကတော့ ပြောဖို့တော့ ခက်သေးတယ်။ အခုလက်ရှိမှာ ကျပ်နဲ့ ယွမ် တိုက်ရိုက်ပေးချေမှုတို့ ဆောင်ရွက်တဲ့ အခါ နောက်ပိုင်းတော့ ယွမ်ကို အသုံးပြုတာ ပိုများလာမယ် လို့ထင်ပါတယ်။’’ ဟုဆင်ဟွာသို့ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမျိုးသူရအေးက “ ဒီလိုပြောင်းလဲလိုက်တဲ့အတွက် ပုံမှန်သွားနေတဲ့အခြေအနေက ပြောင်းလဲလိုက်တဲ့အတွက် အကျိုးသက်ရောက်မှု တော့ ရှိတာပေါ့။ ဈေးအတက်အကျကတော့ သက်ရောက်မှုရှိနိုင်တာပေါ့’’ ဟုဆင်ဟွာသို့ ပြောသည်။

ယင်းထုတ်ပြန်ချထွက်ရှိပြီးနောက် ရွှေဈေးကွက်အတွင်းတွင် ရွှေဈေးနှုန်း အနည်းငယ်ကျးဆင်းလာ ကြောင်းသိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်ထွက်ပြီးတော့ရွှေဈေး လည်းစကျလာပြီပေ့ါ။ ဈေးကတအိအိပြိုနေတဲ့ သဘောမှာရှိတယ်။ အခုမွန်းလွဲပိုင်းမှာတော့ သိန်း ၂,၀၁၈,၀၀၀ အထိဈေးကျတယ်။ ကျခဲ့မယ်ဆိုရင် ဘယ်လောက်ကျနိုင်မယ်ဆိုတာကတော့ ခန့်မှန်းရတော့ ခက်ပါတယ်။ ကမ္ဘာ့ရွှေဈေးပေါ်လည်းမူတည်သေးတယ်။’’ ဟုဆင်ဟွာသို့ ပြောသည်။

ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်သိန်း ၂,၀၄၅၀,၀၀၀ မှ ၂,၀၁၈,၀၀၀ သို့ကျဆင်းခဲ့ခြင်းဖြစ်သည်။ လက်ရှိရွှေဈေးတန်းတွင် ဝယ်ယူသူထက် ရောင်းချသူ ပိုမိုများပြားနေကြောင်း သိရသည်။

ယခင်က ကောလာဟလ ကြောင့်ရွှေဈေးနှုန်းနှင့်ဒေါ်လာဈေးနှုန်းများ တက်သွားခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်၏ ဒေါ်လာသတ်မှတ်ဆောင်ရွက်မှု အဆင်ပြေသွားပါက ရွှေဈေးကျဆင်းနိုင်ကြောင်းဦးမျိုးမြင့်ကဆိုသည်။

“အရင်ကဈေးနှုန်းသတ်မှတ်ချက်ရှိတယ်။ Action မယူဘူးပေ့ါ။ အိတ်စပို့တာ တွေက လွတ်လွတ်လပ်လပ်ရောင်း လို့ရတယ်။ အခုကတော့ ဈေးနှုန်းသတ်မှတ်ချက်အပြင် Action ပါပါလာတယ်ပေါ့။ လက်ရှိဒေါ်လာဈေးကတော့ တဖြည်းဖြည်း တော့ဗဟိုဘဏ်သတ်မှတ်တဲ့ဈေးကို ရောက်နိုင်တယ်လို့ထင်ပါတယ်။’’ ဟုဒေါက်တာစိုးထွန်းက ဖြည့်စွက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *