ထိန်းလေ မနိုင်လေ ဖြစ်တော့မယ့် ဒေါ်လာဈေးနဲ့ မှောင်ခိုဘုရင်ကြီးတွေ ပြန်ပေါ်လာတော့မယ့် အခြေအနေ

ရေးသားသူ – Kyaw Swa Min

ပြည်တွင်းထဲဝင်လာတဲ့ ဒေါ်လာကို ထိန်းချုပ်လိုက်ရင် ဘာဖြစ်မလဲ?

၁။ ဒေါ်လာစျေးအပြောင်းအလဲ ဟာ အစိုးရအပေါ်ပဲမူတည်တော့မယ်။ supply and demand သီအိုရီအရ သွားတာမဟုတ်တော့ဘူး။

ရတဲ့ ငွေလွဲနှုံးဟာ တရားမမျှတဘူးလို့ထင်ရင် ကုန်ပို့တဲ့သူက ပြန်လွှဲမယ့်ငွေတချို့ ကို နိုင်ငံခြားမှာ ကုမ္ပဏီဖွင့်ပြီး နိုင်ငံခြားဘဏ်တခုခုမှာထည့်ပြီး ချန်ထားလိုက်နိုင်တယ်။ အရင်ခေတ်လို ပြန်ဖြစ်သွားတာပေါ့။

၂။ ပစ္စည်းသွင်းချင်သူဟာ ဒေါ်လာကို အစိုးရ သို့မဟုတ် ဘဏ်တခုခုက ဝယ်ရမယ်။ ဥပမာ ဆေးသွင်းချင်တဲ့လူ က ဒေါ်လာလိုလို့ အစိုးရ ဆီသွားဝယ်ရင် အသင်းဝင်ပါ၊ အသင်းထောက်ခံချက် ယူလာပါပြောမယ်၊ အသင်း တွေကို အစိုးရက အုပ်စီးမယ်။

အသင်းတွေဟာ မိမိအသင်းရဲ့ အကျိုးစီးပွါးကို ကာကွယ်ရာက အကျိုးစီးပွါးကို ထိမ်းချုပ်သူတွေ ဖြစ်လာမယ်။
အရင်ခေတ်လိုပြန်ဖြစ်သွားတာပေါ့။

မှောင်ခိုခေတ် ပြန်ဖြစ်လာဖို့ အခြေအနေရှိတယ်။ အဲ့ဒီ အခြေအနေကို အရမ်းကြိုက်တဲ့ လူတန်းစားပေါ်မယ်။ ကမ္ဘာအတွက်တော့ ပုံသဏ္ဍန်မမှန်တဲ့ စီးပွါးရေး ပေါ့၊ လူငယ်တွေအတွက် opportunity ရပ်သွားမယ်။ မြန်မာအတွက်ကတော့…ဓါတ်ပြားဟောင်းကြီးပါ။

ကျွန်တော် ဖတ်ဖူးသလောက် လူငယ်တွေကို အခွင့်အလမ်း မပေးရင် လူငယ်တွေက ပုန်ကန်တယ်။ ဒီလိုအပြောင်းအလဲတွေဟာ လူမှုစီးပွါး အခက်အခဲဖြစ်လာရင် အသက်ကြီးတဲ့အဖွားကြီး တယောက်က ပွစိပွစိလုပ်မှာမဟုတ်ဘူး၊ ဘဝ အစ မှာ သူများလို စွန့်ဦးတည်ထွင်ချင်တဲ့ opportunity ရှာနေတဲ့ လူငယ်တွေကပဲ ပွစိပွစိ မကျေနပ်ကြမှာ။

လူငယ်ရဲ့ မကျေနပ်ချက်ကို ဖြေရှင်းနိုင်မှ နိုင်ငံ တည်ငြိမ်မှာ။ လူငယ်တွေရဲ့ opportunity ကို လူတစုလက်ထဲအပ်ရင် ပြဿနာ မပြေလည်ပါ။

အခုကိစ္စလည်း ငွေကြေးတည်ငြိမ်အောင် အချိန်ကာလအပိုင်းအခြားနဲ့ ကျင့်သုံးတဲ့ ယာယီ ကိစ္စတခုသာဖြစ်သင့်ပါတယ်။ အရင် ခရိုနီ စွပ်စွဲခံရသူတွေလို ချမ်းတော့ချမ်းသာပါရဲ့၊ နှစ် ၄-၅၀ ဆယ် ဘဝတလျောက် လုံး လူထုက မျက်စောင်းခံရမယ့်သူတွေပေါ်လာရင် မကောင်းပါဘူး။

မြန်မာ mentality ဟာ ချုပ်ထိန်းမှုများရင် ကိုယ့်နိုင်ငံကို ပေးမစားတော့ဘူး။ တခြားနိုင်ငံတွေ အကျိုးဖြစ်ကုန်ရော။ စနစ်ဟာတိုင်းပြည်ကို ဆုံးရှုံးစေတယ်။

နောင်လာမည့်အစိုးရတွေအတွက် အရှည်ကြီးတွေးပြီး ပြောရရင် နိုင်ငံ့စီးပွါးရေး ဦးမော့ချင်ရင် လူငယ်ရဲ့ opportunity ကို စဉ်းစားရပါတယ်။ လူငယ်တွေ တက်တက်ကြွကြွ အလုပ်လုပ်နိုင်တဲ့ industry တွေ (ဥပမာ construction, infrastructure, IT) ဖွင့်ပေးနိုင်မှ တိုင်းပြည်ငြိမ်သွားမယ်။

Leave a Reply

Your email address will not be published. Required fields are marked *