” တိုက်ပွဲပေါင်းများစွာရှိသော်လည်း ၊ စစ်ပွဲအောင်နိုင်ခြင်းကသာ အဆုံးသတ်ဖြစ်၏ “

” တိုက်ပွဲပေါင်းများစွာရှိသော်လည်း ၊ စစ်ပွဲအောင်နိုင်ခြင်းကသာ အဆုံးသတ်ဖြစ်၏ ”

ဒေါ်လာငွေကို မြန်မာကျပ်ငွေနဲ့လဲဖို့ စစ်ကောင်စီကနေ အမိန့်ကြေငြာစာ ထုတ်လိုက်ပါတယ် ။ ဒီအမိန့်ကြေငြာချက်ကို ဗဟိုဘဏ်အုပ်ချုပ်ရေးမှုး ဦးသန်းငြိမ်းရဲ့ လက်မှတ်နဲ့ ထုတ်ပြန်လိုက်တာပါ ။ ဒေါ်လာငွေလက်ဝယ်ရှိသူဟာ မြန်မာငွေနဲ့ လဲလှယ်ရမှာဖြစ်ပြီး ၊ ဘဏ်အကောင့်ထဲမှာရှိနေတဲ့ ဒေါ်လာငွေကိုတော့ ဘဏ်ကနေ မြန်မာကျပ်ငွေနဲ့ အလိုအလျောက် လဲပေးသွားမယ်လို့ အသိပေးထားပါတယ် ။ နိုင်ငံခြားငွေ ( ဒေါ်လာ ) လက်ဝယ်ထားရှိသူကို

တရားမဝင် ငွေကြေးကိုင်ဆောင်မှု့နဲ့ အရေးယူမယ်လို့လည်း အသိပေးထားပါတယ် ။ ရိုက်တာသတင်းဌာနရဲ့ တင်ပြချက်မှာတော့ …၊ မြန်မာစစ်ကောင်စီဟာ အဏာသိမ်းပြီးချိန်ကစပြီး တော်လှန်ရေးပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အစွမ်းကုန်နှိမ်နင်းနေပေမဲ့ ၊ နိုင်ငံကတော့ တည်ငြိမ်မှု့မရှိသေးပါဘူး ။ ပြည်ပကုမ္မဏီတွေရဲ့ ထိုးနှက်ချက်ခံရချိန်မှာ ဒေါ်လာငွေရဖို့ အခက်အခဲရှိနေတယ် လို့ တင်ပြထားပါတယ် ။ နောက်သတင်းတစ်ခုကတော့

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) အဖွဲ့ဝင်တွေဟာ အမေရိကန်အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်နေတဲ့သတင်းပါ ။ ဒီသတင်းကတော့ ပြည်တွင်းကရတဲ့သတင်းပါ ။ ဖဘ ပေါ်မှာ တက်လာတဲ့ ဓာတ်ပုံတွေလည်း တွေ့ရပါတယ် ။ နိုင်ငံတကာသတင်းတွေမှာတော့ မတွေ့ရသေးပါဘူး ။ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာတဲ့အခါ အသိပေးပါ့မယ် ။ စစ်ကောင်စီရဲ့ ဒေါ်လာငွေသတင်းဟာ ဒီရက်ပိုင်းမှာ တော်တော်လေး ဟော့ဖြစ်နေတဲ့ သတင်းပါ ။ ရိုးသား ၊ ကြိုးစားခဲ့သူတွေ အထိနာလိမ့်မယ်ဆိုတာ သိပါတယ် ။ သို့ပေမဲ့ လက်ရှိအချိန်မှာ ဝင်ငွေမရှိသူတွေ ၊ စီဒီအမ်လုပ်ထားသူတွေ ၊ အလုပ်လက်မဲ့တွေ ၊ နဂိုကတည်းက ဝင်ငွေမကောင်းလို့ ဒေါ်လာဆိုတာ ဘာမှန်းမသိသူတွေ ၊

အိမ်ဖျက်ခံထားရသူတွေ ။ ရွာမီးလောင်ခံရသူတွေ ၊ တောထဲမှာ မိသားစုလိုက်ရောက်နေသူတွေကို ကိုယ်ချင်းစာရပါလိမ့်မယ် ။ ရုတ်တရက် ကြေငြာလိုက်တဲ့ ဒေါ်လာငွေသတင်းအပေါ်မှာ အသည်းအသန်ဖြစ်နေတာဟာ အဆင်ပြေမယ့်အချိန်ကို ထိုင်စောင့်နေသူတွေဆိုတာ အသိပေးလိုက်သလိုပါပဲ ။ တကယ်တော့ တိုင်းပြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပျက်စီးသွားခဲ့ပါပြီ ။ ဒီအခြေအနေကို မျိုးဆက်သစ်လူငယ်တွေက

သံယောဇဉ်တွေအားလုံးဖြတ်ပြီး တော်လှန်နေကြတာပါ ။ အရင်လိုအခြေအနေကို ပြန်ရောက်ဖို့အတွက် တော်လှန်ရေးအောင်မြင်မှဖြစ်မှာပါ ။ တော်လှန်ရေး မအောင်မချင်း ၊ မိမိဥစ္စာကို မိမိမပိုင်ပါဘူး ။ မိမိအသက်ကို အစိုးမရနိုင်ပါဘူး ။ ဒီတော့ ဒေါ်လာငွေအပေါ်မှာ အသည်းအသန်

ခံစားပြနေကြရင် စွန့်လွှတ်ထားတဲ့ လူငယ်လေးတွေ ဆက်လက်စွန့်စားဖို့ စိတ်ဓာတ်ကျသွားနိုင်ပါတယ် ။ စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးဘက်ကို ပြည်သူတွေအာရုံမရောက်အောင် အမိန့်ကြောငြာစာတွေ တစ်ခုပြီးတစ်ခု ထုတ်နေမှာပါ ။ တော်လှန်ရေးဗျူဟာဆိုတာ နှစ်ဘက်စလုံးမှာရှိပါတယ် ။ စစ်ကောင်စီဟာ ရုရှားနဲ့ တရုတ်ဆီကနေ ဗျူဟာရယူပါတယ် ။ NUG ကတော့ ပြည်တွင်းက ပညာရှင်တွေ ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်ပဒီမိုကရေစီ

နိုင်ငံတွေဆီကနေ အကြံဥာဏ်တွေ ရနိုင်ပါတယ် ။ လတ်တလောမှာ အမေရိကန်က ကြေငြာထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု့ ၊ သြစတေးလျက ကြေငြာထားတဲ့ မြန်မာစစ်လက်နက်ကိုင်တွေ ခိုလှုံခွင့် ၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ စစ်ရာဇဝတ်မှု့ ၊ အီးယူက ကြေငြာထားတဲ့ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုမှု့ ၊ အာဆီယံကနေ ပစ်ပယ်ထားမှု့ ၊ ပြည်ပကုမ္မဏီတွေ ထွက်ခွာမှု့ ၊ ဆယ်တန်းကျောင်းသား ၆ သိန်းကျော် စာမေးပွဲမဖြေမှု့

ဆိုတာတွေဟာ စစ်ကောင်စီကို ” အင့် ” ကနဲနေအောင် နံဘေးကို ပိသာလေးနဲ့ ထုထည့်လိုက်သလို ခံစားထားရတာတွေပါ ။ တော်လှန်ရေးသဘောအရ စစ်ကောင်စီဘက်ကလည်း ပြည်သူတွေကို ” အင့် ” ကနဲနေအောင် ပြန်လုပ်မှာပါပဲ ။ ဒါဟာ ရိုးရှင်းတဲ့ တော်လှန်ရေးဗျူဟာပါပဲ ။ ဒီအခြေအနေတွေကို ဘယ်ပြည်သူကမှ မရောက်ချင်ခဲ့ပါဘူး ။ အခုတော့ နှစ်ဘက်စလုံးဟာ

အဆုံးထိ လျှောက်ရတော့မှာပါ ။ ( ဒေါ်လာငွေသတင်းကို ပါးပါးလေး ခြောက်စားလုပ်နေသူတွေ တွေ့နေရပါတယ် ။ ) ဒီအခြေအနေမှာ ဒေါ်လာငွေအတွက် ခံစားနေလို့မရပါဘူး ။ နိုင်ငံဟာ အသစ်ကပြန်စရမှာပါ ။ ဖက်ဒရယ်အစိုးရ ပေါ်ပေါက်လာမှ ဥပဒေစိုးမိုးနိုင်မှာပါ ။ ဥပဒေကို လိုသလိုလုပ်နေတဲ့ အစိုးရတစ်ရပ် အုပ်ချုပ်နေမယ်ဆိုရင် ရှာသမျှဟာ သဲထဲရေသွန်သလိုပါပဲ ။ နည်းအမျိုးမျိုးနဲ့

ချုပ်ခံရပါလိမ့်မယ် ။ ဆိုတော့ ….၊ တော်လှန်ရေးဆိုတာ ဘောလုံးလောကနဲ့ ပြောမယ်ဆိုရင် အင်္ဂလန်ပရီမီးယားလိဒ်လိုပါ ။ ဆိုပါစို့ လီဗာပူးလ်အသင်းဟာ တစ်ရာသီအတွက် ပွဲပေါင်း ၃၀ ကျော်( အတိအကျမသိပါ ) ခန့် ကစားရပါတယ် ။ ဒီတစ်ပတ်ပွဲမှာ ရှုံးသွားနိုင်သလို ၊ နိုင်ကောင်းလည်း နိုင်သွားနိုင်ပါတယ် ။ နိုင်ပွဲများများနဲ့ ရှုံးပွဲ အနည်းငယ် တွေ့ခဲ့ပေမဲ့ အချိန်တန်တော့ ချန်ပီယံဖြစ်တာပါပဲ ။ တိုက်ပွဲငယ်တွေ

စုစည်းထားတာကို စစ်ပွဲလို့ခေါ်ပါတယ် ။ တိုက်ပွဲတစ်ပွဲဟာ စခန်းကို စွန့်ခဲ့ရနိုင်သလို ၊ စခန်းသိမ်းနိုင်တဲ့အခါလည်း ရှိနိုင်ပါတယ် ။ ရည်မှန်းချက်ကတော့ စစ်ပွဲနိုင်ဖို့ပါ ။ နွေဦးတော်လှန်ရေးဆိုတဲ့ စစ်ပွဲကို အောင်နိုင်ခြင်းကသာ အဓိကဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *