လေးတန်းအောင်သူက အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်နဲ့ လိုက်လေဝေးလေ ဖြစ်နေတဲ့ စစ်မှန်တဲ့ ပညာရေး

“စစ်မှန်သော ပညာရေး”

စစ်မှန်သော ပညာရေးဆိုသည်မှာ အဘယ်နည်း.. စစ်မှန်သော ပညာရေးဆိုသည်မှာ “ပြိုင်ပွဲ” ကြီးကျင်းပခြင်းမဟုတ်။

စစ်မှန်သော ပညာရေးဆိုသည်မှာ ယှဉ်ပြိုင်ပြီး “အနိုင်ယူ” ရန်မဟုတ်။ စစ်မှန်သော ပညာရေးဆိုသည်မှာ “အပြိုင်ကူ” ပြီး ပူးပေါင်းဆောင်ရွက် တတ်စေရန် သင်ကြားပေးခြင်းဖြစ်သည်။

စစ်မှန်သော ပညာရေးဆိုသည်မှာ အတန်းထဲတွင် ပထမဗိုလ်စွဲရန်အတွက် အချင်းချင်းရန်တိုက်ပေးကာ သင်ကြားရန်မဟုတ်။ စစ်မှန်သော ပညာရေးဆိုသည်မှာ တီထွင်ဖန်တီးတတ်စေရေး၊ စဉ်းစားတွေးခေါ် တတ်စေရေး၊ လူသားအချင်းချင်း ချစ်ခင်မြတ်နိုး တန်ဖိုးထားစေရေး၊ ပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် သင်ကြားပေးရန်ဖြစ်သည်။

ပထမရမှ ဖြစ်မည်ဆိုသည့် မြင်းပြိုင်သလို ပြိုင်ခိုင်းခြင်းသည် စစ်မှန်သော ပညာရေး မဟုတ်။ ပထမချိတ်သဖြင့် ငါပျော်သည်၊ မိဘတွေပျော်သည်၊ ထိုပျော်ရွှင်ခြင်းက စစ်မှန်သောပျော်ရွှင်ခြင်းလား ပြန်ဆန်းစစ်ရန်လိုသည်။ ငါက ပထမ၊ သူက နောက်ဆုံးက စာမေးပွဲကျ၊ တော်သူကို တွန်းတင်၊ ရှုံးသူကို နင်းချန် ဖိနှိပ်ခြင်းမှာ စစ်မှန်သော ပညာရေးလား။

ကလေးက သူ့ဖခင်ကိုမေးသည် “ဖေဖေ” “ဘာလဲကွယ်” “ဖေဖေပြောတယ်နော် ပညာတွေ တတ်ရင် သမ္မတကြီး.. ဝန်ကြီးချုပ်ကြီး.. ဖြစ်မယ်ဆို” “အေးလေကွယ်” “ဖေဖေ ဘွဲ့ဘယ်နှခုရထားသလဲဟင်” “အများကြီးပေါ့ကွယ်”

“ဖေဖေက ပညာတတ်လား” “ဟုတ်သပေါ့” “ဖေဖေရယ်.. မေးပါရစေဦး” “မေးပါကွယ်” “ဖေဖေဘာဖြစ်လို့ သမ္မတ မဖြစ်သလဲ”

ဖခင်ဖြစ်သူ ချွေးပြန်နေရပြီ။ သားငယ်က ဆက်မေးသည် “လေးတန်းအောင်တဲ့သူက နိုင်ငံကိုအုပ်ချုပ်သွားတာ ဖေဖေက ပညာတွေအများကြီးတတ်ပြီး လေးတန်း လောက်အောင်တဲ့သူရဲ့ အုပ်ချုပ်တာကို ခံနေရတာ ဘာကြောင့်လဲဖေဖေရယ်” သူ့ဖခင်မဖြေတတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူလည်း စာတွေကို အလွတ်ကျက်ကာ အတန်းတက်လာသော ကြောင့်ဖြစ်သည်။

ပညာတတ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ၊ ဘွဲ့တွေအများကြီးရသည်ဖြစ်စေ၊ ဘွဲ့တွေမရထားသည် ဖြစ်စေ တိုင်းပြည်ကိုတက်ပြီး အုပ်ချုပ်နိုင်သည်ဆိုလျှင် ပညာရေးမှားနေပြီ။ ပညာရေးတွင် ယခုလက်ရှိ သင်ကြားနေသည့် ဦးတည်ချက်သည် လွဲနေပြီ။ အတန်းတွေအများကြီးတက်နိုင်ရေးအတွက် စာတွေကို သေအောင်ကျက်ခိုင်းမည်လား စာတွေကို အလွတ်မကျက်ရပဲ တွေးခေါ် မြော်မြင် စဉ်းစား ဝေဖန် စီမံ အုပ်ချုပ်နိုင်စွမ်းများ ရှိလာစေရန် သင်မည်လား မေးခွန်းထုတ်ရတော့မည်။

စစ်မှန်သော ပညာရေးဆိုသည်မှာ “အမှတ်” မဟုတ် စစ်မှန်သော ပညာရေးဆိုသည်မှာ “အတတ်” ဖြစ်ရမည်။

တင်ညွန့်

Leave a Reply

Your email address will not be published. Required fields are marked *