နေအိမ်တွင်မွေးထားသည့် ဝက်ဝံနှစ်ကောင်က အရိုင်းစိတ်ဝင်ကာ သခင်ကိုကိုက်သတ်မှု ဖြစ်ပွါး

နေအိမ်တွင်မွေးထားသည့် ဝက်ဝံနှစ်ကောင်က အရိုင်းစိတ်ဝင်ကာ သခင်ကိုကိုက်သတ်မှု ဖြစ်ပွါး

တောင်ငူ၊ ဧပြီ ၇

လူငယ့်ခေတ်

တောင်ငူမြို့တွင် နေထိုင်သည့် တိရိစ္ဆာန်များအား ချစ်ခင်သဖြင့် မွေးမြူလေ့ရှိသူ ကိုအောင်(ခေါ်)မြင့်မိုရ်နန်းသည် ဧပြီလ ၇ ရက်၊ နံနက်အစောပိုင်းက ၎င်းနေအိမ်ခြံဝင်းအတွင်း မွေးထားသည့် ဝက်ဝံနှစ်ကောင်က အရိုင်းစိတ် ဝင်ကာတိုက်ခိုက်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အရိုင်းစိတ်ဝင်နေသည့် ဝက်ဝံနှစ်ကောင်တိုက်ခိုက်ခံရချိန်တွင် ဝင်ရောက်ကူညီခဲ့သည့် ကိုအောင်၏ခွေးမှာလည်း ဝက်ဝံကိုက်ခံရသဖြင့် သေဆုံးသွားခဲ့ပြီး ယခုတိုက်ခိုက်ခဲ့သည့် ဝက်ဝံနှစ်ကောင်မှာ သေဆုံးသူကိုအောင်၏ အချစ်ဆုံး ဝက်ဝံများဖြစ်ကြောင်း ကိုအောင်၏မိသားစုနှင့် ရင်းနှီးသူအမျိုးသားတစ်ဦးကဆိုသည်။

“သူကဝက်ဝံတွေကို ၁၁၅ မိုင်က ပိုင်အိုးနီးယားမှာ သွားထားတာ။ အဲဒီမှာဆိုတော့ ကျယ်ကျယ်ဝန်းဝန်းနေရတယ် ပေါ့နော်။ ပြီးတော့မှ အခု အိစိကွေးနဲ့ ချစ်ကို ဆိုတဲ့ နှစ်ကောင်ကိုပြန်ခေါ်လာတာ။ အဲဒီ နှစ်ကောင်က သူအချစ်ဆုံးပဲ။ ပြန်ရောက်တာတောင် ကျွန်တော်ထင်တယ် ၂ လလောက်ပဲရှိဦးမယ်ထင်တယ်”ဟု ကိုအောင်၏မိသားစုဝင်များနှင့်ရင်း နှီးသူ ဦးလှမျိုးဝင်းကဆိုသည်။

သေဆုံးသူကိုအောင်သည် ထို ဝက်ဝံ ၂ ကောင်ကို နေအိမ်သို့ပြန်ခေါ် လာပြီးနောက် ၎င်းတို့ဖွင့်လှစ်ထားသည့် မြင့်မိုရ်နန်း KTV အခန်းတစ်ခန်းအတွင်း နေထိုင်စေကာ ဝက်ဝံနှစ်ကောင် နှင့်အတူ ညစဉ်အိပ်လေ့ရှိကြောင်း ၎င်းကရှင်းပြသည်။

“သူက ညတိုင်း အဲဒီ ဝက်ဝံနှစ်ကောင်ရဲ့အလယ်မှာအိပ်တာ။ ဒီညမှ ဘယ်လိုထဖြစ်တယ်မသိဘူး။ ဒီဝက်ဝံတွေငယ် ငယ်လေးထဲကအတူတူနေလာတာ။ မရှိဘူးဆို ၁၀ နှစ်လောက်ရှိပြီ”ဟု ဦးလှမျိုးဝင်းက ပြောသည်။

စိတ်ရိုင်းဝင်ကာ သခင်ဖြစ်သူကိုတိုက်ခိုက်ခဲ့သည့် ဝက်ဝံနှစ်ကောင်ကိုဖမ်းဆီးရန်ခက်ခဲသဖြင့် သက်ဆိုင်ရာဌာန တစ်ခုကို အကူအညီတောင်းခံကာ အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟုလည်း သိရသည်။

“ဘယ်လိုမှဝင်လို့မရဘူးအခန်းထဲကို။ ဘယ်သူမှလည်းအကပ်မခံဘူး။ အဲ့ဒါနဲ့တပ်ကိုအကူအညီတောင်းပြီး ပစ်ဖမ်း လိုက်ရတယ်”ဟု ကိုအောင်တို့မိသားစုနှင့်နီးစပ်သူတစ်ဦးကဆိုသည်။

ကိုအောင်သည် အနှိုင်းမဲ့အကြင်နာပရဟိတအမည်ဖြင့် တိရိစ္ဆာန်များကို မွေးမြူထားသူတစ်ဦးဖြစ်ပြီး ၎င်းမွေးမြူ ထားသည့် ဝက်ဝံ ၁၂ ကောင်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ- သေဆုံးသူ ကိုအောင်နှင့် ၎င်းမွေးမြူထားသည့် ဝက်ဝံများ

#P08 #Lungekhit

Leave a Reply

Your email address will not be published. Required fields are marked *