ပေါက်တွင် စစ်လက်နက်ပစ္စည်းများကို PDF များ ဖမ်းဆီးခဲ့ပြီးနောက် စစ်ရဟတ်ယာဉ်များဖြင့် လာပစ်နေ

ပေါက်တွင် စစ်လက်နက်ပစ္စည်းများကို PDF များ ဖမ်းဆီးခဲ့ပြီးနောက် စစ်ရဟတ်ယာဉ်များဖြင့် လာပစ်နေ

ဧရာဝတီ၊ ဧပြီ ၇၊ ၂၀၂၂

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနှင့် စစ်လက်နက်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ဖမ်းဆီးလိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ပေါက်မြို့နယ်အခြေစိုက် PDF များက ပြောသည်။

“ရဟတ်ယာဉ်တွေနဲ့ပါ ပစ်နေတော့ ကျနော်တို့လည်း စခန်းကနေရှောင်နေရတယ်။ ကျွန်တော်တို့ဘက်ကတော့ လောလောဆယ် အထိအခိုက် မရှိဘူး။ မနက်ကတော့ ရွာတရွာကို ဝင်မီးရှို့သွားသေးတယ်” ဟု ပေါက်မြို့နယ်အခြေစိုက် မြစ်ခြေ – ကျွန်းချောင်း PDF မှ ပြန်ကြားရေးတာဝန်ရှိသူတဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်တောင်ပိုင်းရှိရွာအချို့ကို ဝေဟင်မှသာမက မြေပြင်စစ်ကြောင်းပါသုံးကာ တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ဆိုသည်။

မကွေးတိုင်း၊ သရက်မြို့အခြေစိုက် ကပစ (တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ) ၁၂ မှ ထွက်ခွာလာသော ခဲယမ်းမီးကျောက်များတင်ဆောင်လာသည့် စစ်ကောင်စီ၏တွဲကား ၃ စီးသည် ဧပြီ ၆ ရက် ညနေပိုင်းတွင် ပေါက်မြို့နယ်အခြေစိုက် PDF ပူးပေါင်းအဖွဲ့များ၏ ဝိုင်းဝန်းဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ကား ၃ စီးသည် သရက်မြို့အခြေစိုက် ကပစ ၂၄ သို့ သွားမည့်ကားများဖြစ်ကြောင်း ပေါက်မြို့နယ်အခြေစိုက် PDF အဖွဲ့အချို့ထံမှ သိရသည်။

ဖမ်းဆီးရမိသည့်အထဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် တပ်ကြပ် ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး၊ အဆိုပါ တပ်ဖွဲ့ဝင် ၇ ဦးကိုင်ဆောင်သည့် MA ချေမှုန်းရေးရိုင်ဖယ်နှင့် ကျည်ဆန်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း မြစ်ခြေ – ကျွန်းချောင်း PDF မှ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောသည်။

ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း ပြောဆိုသော်လည်း ၎င်းတို့ မည်သည့်အကြောင်းကြောင့် သေဆုံးသွားသည်နှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ မြစ်ခြေ – ကျွန်းချောင်း PDF မှ ပြန်ကြားရေးတာဝန်ရှိသူက မဖြေကြားပေ။

ထို့ပြင် သိမ်းဆည်းရမိသည့် ခဲယမ်းမီးကျောက်များနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပေါက်မြို့နယ်အခြေစိုက် PDF များထံမှရရှိသည့် ဓာတ်ပုံများအရ မော်တာကျည်ဆန်ကဲ့သို့သော ခဲယမ်းများ ထုတ်လုပ်ရာတွင်သုံးသည် ကျည်ခွံများအား PDF များက သိမ်းဆည်းရမိခဲ့ကြောင်း တွေ့ရသည်။

ဓာတ်ပုံ – ပေါက်မြို့နယ် PDF

#WhatsHappeningInMyanmar

#RejectMilitaryCoup

Leave a Reply

Your email address will not be published. Required fields are marked *