မြောင်မှာ စစ်ကောင်စီက PDF စခန်းတွေလိုက်ရှာနေ

မြောင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက မြို့နယ်အတွင်း အနိမ့်ပျံသန်း ပြီးနယ်မြေ ရှင်းလင်းရေးလုပ်နေကြောင်း မြောင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်ခန့်ကစပြီး အခုရက်ပိုင်းတွေ အထိနယ်မြေ ရှင်းလင်းရေးတွေပြုလုပ်လာတဲ့အတွက် ဒေသခံတွေဘက်ကတော့ စိုးရိမ်မှုတွေရှိတယ်လို့ဆိုပါတယ်။

ရဟတ်ယာဥ်တွေသာမက မြေပြင်မှာလည်းစစ်ကြောင်းအထိုင်ချပြီး PDF သံသယနဲ့ ရှင်းလင်းရေးလုပ်ခံနေရတဲ့ နေရာတွေအပါအဝင် တစ်မြို့လုံး နီးပါးဖြစ်တာကြောင့် စစ်ရေးတင်းမာမှုတွေများလာမှာကိုလည်း ဒေသခံတွေဘက်ကစိုးရိမ်တာမျိုးရှိတယ်လို့ ဆိုကြပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ PDF စခန်း ရှင်းလင်းခံရပြီး ယာဉ်တစ်စီး၊ လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်များ အပါအဝင် ဆန် (၉) အိတ် သိမ်းဆည်းခြင်းခံခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာ အချို့ကရေးပါတယ်။

မြောင်မြို့နယ် ရွှေဘုံသာကျေးရွာအနီးမှာ ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် PDF စခန်း ရှင်းလင်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *