ရန်ကုန်က မုံရွာကို တင်ပို့မယ့် ဖုန်း လက်ပတော့ အထည်အလိပ် လူသုံးကုန် စား‌သောက်ကုန်တွေကို ကန့်သတ်

စစ်ကောင်စီက ရန်ကုန်မြို့ကနေ မုံရွာမြို့ကို တင်ပို့မယ့် တယ်လီဖုန်း လပ်ပတော့(laptop)အိမ်ဆောက်ပစ္စည်း အဝတ်အထည်နဲ့ အစားအသောက်တွေကို သယ်ဆောင်ခွင့်မပြုတော့ဘူးလို့ ရန်ကုန် မုံရွာ အဝေးပြေးယာဉ်လိုင်း တွေထံက သိရပါတယ်။

ဒီသတင်း မှန်ကန်မှုရှိတယ်လို့ မုံရွာ အခြေစိုက် အထည်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မိုဘိုင်းဖုန်း နဲ့ လပ်တော့ (laptop)ကို တစ်လုံးထက်ပိုပြီး သယ်ဆောင်လို့မရသလို လူသုံးကုန်ဖြစ်တဲ့ အဝတ်အထည် အမြောက်အများနဲ့ ရွှေထည်တွေ အပါအဝင် ကော်စတီးနဲ့ သံထည်ပစ္စည်း ၊ ဓာတ်မီး၊ ဘတ္တရီနဲ့ ဓာတ်ခဲတွေလည်း သယ်ဆောင်ခွင့်မရှိတဲ့ စာရင်းမှာ ပါဝင်တာကို‌ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန် မုံရွာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ်လိုင်းတစ်လိုင်းမှာ ပြောက်ကျားဝတ်စုံတွေတွေ့အပြီးမှာ အခုလို ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။

ဒီလို ကန့်သတ်မှုကြောင့် ရန်ကုန် နဲ့ မုံရွာကြား ကုန်သွယ်မှုတွေ ထိခိုက်နစ်နာမှုတွေရှိနိုင်ကြောင်း မုံရွာ မိုဘိုင်း တယ်လီဖုန်းစျေးကွက်နဲ့ လူသုံးကုန် အဝတ်အထည် အစားအသောက်တင်ပို့တာတွေကို ထိခိုက်နိုင်တယ်လို့လည်း သူတို့ကပြောပါတယ်။

မုံရွာ ရန်ကုန်အသွားပြန်ပြေးဆွဲနေတဲ့ အမြန်ယာဉ်လိုင်း ၁၁ လိုင်းခန့်ရှိပြီးတော့ အဲဒီထဲက ရွှေမန္တလာနဲ့ မန္တလာမင်းယာဉ်လိုင်းတွေကတော့ ယာယီရပ်နားထားလို့ အဝေးပြေးယာဥ်လိုင်းက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *