မန္တလေးက ပြောက်ကျားတပ်များကို စစ်ကောင်စီလှည့်စားဖမ်းဆီး

မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီးတွင် ယနေ့ (ဧပြီ ၉ ရက်) တွင်လည်း လူငယ်အမျိုးသားအချို့ ပစ်ခတ် ဖမ်းဆီးခံလိုက်ရပြီး တဦးမှာ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး Rangers Of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်က မှန်ကန်ကြောင်း အတည်ပြုပေး သော်လည်း အသေးစိတ် အခြေအနေကိုမူ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။ 

ယခုရက်ပိုင်းအတွင်းမှာပင် Justice Mandalay PDF မှ ရဲဘော်ရာဟုနှင့် အခြားသူတဦးအပြင် အခြားသော ပြောက်ကျား တပ်ဖွဲ့တခုမှ အဖွဲ့ဝင်များလည်း ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ 

ဗိုလ်ဖီးနစ်က “ရဲဘော်ရာဟုကို ပျံလွှားကဆိုပြီး ပစ္စည်းပေးမယ်ချိန်းပြီး ဖမ်းသွားပါတယ်။ ပျံလွှားဆိုတာ ဘယ်အဖွဲ့လဲဆိုတာ မသိရသေးပါ။ လက်ရှိ မန္တလေးအဖွဲ့တွေအနေနဲ့ စည်းပေါက်နေတဲ့အဖွဲ့တွေ ရှိနေနိုင်ပါတယ်။ ကျနော်တို့လည်း သတိထား နေရပါတယ်။ Justice က ပါသွားတာ ရဲဘော်ရာဟုအပြင် နောက်တယောက်ရော ပါပါတယ်။ စုစုပေါင်း ၂ ယောက်ပါ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်းအတွင်း အိမ်စီးကားများပါ အသုံးပြုပြီး မန္တလေးတမြို့လုံး အတိုင်း အတာဖြင့် စစ်ဆေးဖမ်းဆီးမှုများ တင်းကျပ်နေသလို ပစ်ခတ်မှုများကြောင့်လည်း အရပ်သားသေဆုံးမှုများ ရှိနေကြောင်း မန္တလေးမြို့ခံအဖွဲ့အစည်းများက ဆိုထားသည်။

ဧပြီ ၈ ရက် နံနက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့် ၅၉ လမ်း၊ ရဲမွန်တောင်ရပ်ကွက်ရုံးအနီး အရပ်သား လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပစ်သတ်ခံရသည့် လူငယ် ၂ ဦးနှင့် ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်ချိရေး မီဒီယာများတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ (PDF) ဖြစ်ကြောင်း စွပ်စွဲဖော်ပြထားသည်။

လက်ရှိတွင် မန္တလေးမြို့ပေါ်၌ စစ်ကောင်စီတပ်များက အင်အားသုံး စီးနင်းဖမ်းဆီးနေသည့် အခြေအနေများကြောင့် ပြည်သူ များ အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေသည့် အဖွဲ့အစည်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု များနှင့် ပတ်သက်၍ သတင်းပေးပို့ခြင်း၊ တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးခြင်းများဖြင့် ပူးပေါင်းပေးကြရန် ပြောက်ကျား တပ်ဖွဲ့များက တိုက်တွန်းထားသည်။ 

“ညီအစ်ကိုရဲဘော်တွေ ကျဆုံးသွားတယ်။ မတရားဖမ်းဆီးခံရတယ်။ အင်အားသုံးပြီး အကြိမ်ကြိမ်နှိမ်နင်းခံရတယ်။ ဒါပေမဲ့ ကျန်ရှိနေတဲ့နေရာစုံက ရဲဘော်တွေက စစ်အာဏာရှင်ကျဆုံးဖို့ နည်းလမ်းမျိုးစုံနဲ့ ရတဲ့နေရာကနေ ဆက်လက် တော်လှန် နေပါတယ်။ ပြည်သူတွေ စိတ်မညစ်ပါနဲ့။ မန္တလေးဟာ ပြန်ရုန်းထနိုင်ပါတယ်။ ကျနော်တို့လည်း အသက်ခန္ဓာရှိနေသ၍ ကြိုးစားနေမှာပါ။ ပြည်သူတွေနဲ့အတူ အမြဲရပ်တည်နေမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ဖီးနစ်က ပြောသည်။ 

မန္တလေးအခြေစိုက် ပြောက်ကျားတပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီမှ စစ်ဆေးဖမ်းဆီးမှုများ တင်းကျပ်စွာ ပြုလုပ်နေသော် လည်း လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။ 

ထို့ပြင် စစ်ကောင်စီ၏ ထောက်ပို့ရထားများအား တားဆီးတိုက်ခိုက်သွားမည် ဖြစ်သည့်အတွက်လည်း ဧပြီ ၉ ရက်နှင့် ၁၀ ရက်များတွင် မန္တလေး-မြစ်ငယ်ရထားလမ်းပိုင်းနှင့် မန္တလေးမြို့ပတ်ရထားလမ်းပိုင်းများကို ပိတ်ပင်ထားကြောင်းနှင့် ပြည်သူ များ အနေဖြင့် ရထားလမ်းများအား ရှောင်ရှားသွားလာကြရန် ပြောက်ကျားတပ်ဖွဲ့များက သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *