သကြ်န်စည်ကားစေရန် အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီများကို ဈေးလျော့ရောင်းရန် ညွှန်ကြား

သြင်္ကန်စည်ကားစေရန် အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီများကို ဈေးလျော့ရောင်းရန် ညွှန်ကြား

ယခုနှစ် သြင်္ကန်ကာလအတွင်း စည်စည်ကားကားဖြစ်စေရန်အတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချသူများကို ဈေးလျော့ရောင်းပေးရန်အတွက် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချသူများအသင်းမှတဆင့် စက်သုံးဆီလုပ်ငန်းရှင်များအားလုံးကို အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသင်းအတွင်း အဆိုပါ ညွှန်ကြားချက်ကို နှုတ်အားဖြင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဓာတ်ဆီ တလီတာလျှင် ကျပ် ၁၇၃ဝ နှုန်းဖြင့်သာ ရောင်းချရန် ညွှန်ကြားခဲ့ကြောင်း၊ ထိုသို့ မရောင်းချလျှင် စက်သုံးဆီလိုင်စင်ကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်ရှိ စက်သုံးဆီ လုပ်ငန်းရှင်တဦးက အတည်ပြုသည်။

‘ကျနော်တို့က ဝယ်ထားတုန်းက ၁၉၅ဝ ကျပ်နဲ့ တလီတာဈေးကို ဝယ်ထားရတာ။ အခု ၁၇၃ဝ ကျပ်ပဲ ရောင်းရမယ် ဆိုတော့ ကျနော်တို့ အရှုံးပေါ်ပြီ။ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီ ဆီလုပ်ငန်းရှင်တွေကတော့ သိပ်မထိပေမယ့် ကျနော်တို့လို သူတို့ဆီကတဆင့် ဝယ်ရောင်း လုပ်နေကြရတဲ့သူတွေ ထိတယ်’ ဟု မင်္ဂလာဒုံရှိ စက်သုံးဆီဆိုင်ပိုင်ရှင်တဦးက ပြောသည်။

လက်ရှိ မြန်မာတနိုင်ငံလုံး စက်သုံးဆီဖြန့်ဖြူးပေးနေသည့် သီလဝါဆိပ်ကမ်းရှိ မြတ်မေတ္တာမွန်၊ Denko၊ PT Power ၊ Asia Sun၊ Max ၊ Green Luck စသည့် ကုမ္ပဏီများတွင် သီလဝါဆိပ်ကမ်းဈေးအဖြစ် တလီတာလျှင် ၁၆ဝဝ ကျပ်ကျော်ဖြင့် အနိမ့်အမြင့်အလိုက် မဖြစ်မနေ ဖြန့်ဖြူးပေးနေရကြောင်း သီလဝါရှိ မြန်မာ့ရေနံလုပ်ငန်းမှ ဝန်ထမ်းတဦးကလည်း ပြောသည်။

သို့ရာတွင် မဖြစ်မနေ သြင်္ကန်ကာလအတွင်း စက်သုံးဆီများကို ကာလပေါက်ဈေးနှင့် ဝယ်ဈေးကို အဆမတန် အတင်းအကျပ် လျော့ရောင်းခိုင်းနေသော်လည်း သြင်္ကန်ကာလအပြီးတွင် ဈေးပြန်တက်မည်သာဖြစ်ကြောင်း သူက ဆက်ပြောသည်။

‘စစ်တပ်က အခုက ဖိအားပေးပြီးတော့ လျော့ရောင်းခိုင်းတာ။ ဒီကာလပြီးတာနဲ့ ပြန်တက်မှာပဲ။ တကယ်ဆိုရင် လက်လီသမားတွေ ဒီအချိန်က အခွင့်ကောင်းပဲ။ လက်ထဲ ငွေရှိသလောက်သာ ဝယ်လှောင်ထားလိုက်။ ဆိပ်ကမ်းဈေး ၁၇ဝဝ ကျပ် မကျော်တော့ တပတ်တာလောက် ကိုယ့်ဆိုင်က ဝယ်လိုအား ပမာဏလောက်ကိုသာ လှောင်ထားနိုင်ရင် တပတ်တာလောက် ဈေးက အမြတ်ရမှာ။

အရင်ကတော့ ကိုယ်ကဈေးအတက်နဲ့ မိခဲ့ရင်တောင်မှ အခုချိန် ဝယ်လှောင်သင့်ဆုံးအချိန်ပဲ’ ဟု သူက ဆိုသည်။ထိုကဲ့သို့ စစ်ကောင်စီအနေဖြင့် မဖြစ်မနေ အတင်းအကျပ် ဖိအားပေး ဈေးချခိုင်းနေခြင်းကြောင့် တချို့ စက်သုံးဆီဆိုင်များ အရောင်းအဝယ်ကို အချိန်ပိုင်းဖြင့် ပြုလုပ်မှုများ ရှိလာကြောင်း သိရသည်။ မီးစက်ပျက်ခြင်း၊ မီးပျက်ခြင်း၊

စက်ပန့်ချို့ယွင်းခြင်း စသဖြင့် အကြောင်းအမျိုးမျိုးပြကာ ဆိုင်ကို ဖွင့်ထားသော်လည်း ဆီကို အချိန်ပိုင်းဖြင့် ရောင်းချမှုများ ပြုလုပ်လာခဲ့ကြသည်။‘မလုပ်လို့ မရဘူးဗျ။ မီးက အချိန်မှန်လာတာမဟုတ်တော့ မီးစက်သုံးဖို့အတွက် ကျနော်တို့ ဆီက ထုတ်သုံးရပြန်တယ်။ လက်ကြီးသမားတွေကတော့ အရင်က မြတ်ခဲ့တာနဲ့ ကာမိနေနိုင်ပေမယ့် ကျနော်တို့လို လုပ်ငန်းသေးတွေက ထိတယ်။

တနေ့ကို ဂါလံ ၁၈ဝဝ ဘောက်ဆာတစီးစာ ကုန်တယ်ဆိုရင် အခုသူတို့ပြောတဲ့ဈေးနဲ့ဆိုရင် ကျပ် ၂၈ သိန်းအထိ ရှုံးတယ်။ အဲ့ဒီအတွက် သူတို့က ကျနော်တို့ကိုတော့ ဘာခံစားခွင့်မှ ပြန်ပေးတာမဟုတ်ဘူး’ ဟု ရန်ကုန် အမှတ် ၃ အဝေးပြေးလမ်းပေါ်ရှိ စက်သုံးဆီ လက်လီရောင်းချသူ တဦးက ဆိုသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

Leave a Reply

Your email address will not be published. Required fields are marked *