အလကို အသုံးချပြီး မြန်မာကို ဝါးမြိုဖို့ကြံစည်နေတဲ့ သာကောကြီး ( တရုတ်က ၎င်းတို့ စမ်းသပ်နေသော Digital currency စနစ်ကို ဆန် နှင့် အလဲအလှယ်လုပ်ကာ မြန်မာ တွင် အသုံးချရန် ချဉ်းကပ်လာ )

မအလကို အသုံးချပြီး မြန်မာကို ဝါးမြိုဖို့ကြံစည်နေတဲ့ သာကောကြီး ( တရုတ်က ၎င်းတို့ စမ်းသပ်နေသော Digital currency စနစ်ကို ဆန် နှင့် အလဲအလှယ်လုပ်ကာ မြန်မာ တွင် အသုံးချရန် ချဉ်းကပ်လာ )

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် မှ ဧပြီ ၁၁ နေ့စွဲဖြင့် မြန်မာပြည်သူများထံ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့လာခဲ့သည်။ မြန်မာပြည်သူများသည် ယခင်က တွေးပင်မတွေး နိုင်ခဲ့ကြသော ဒုက္ခသုက္ခများ အလီလီ တွေ့ကြုံခံစားခဲ့ရမှုများ ကြားမှ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သတ္တိ အပြည့် နှင့် စစ်အုပ်ချုပ်ရေး အဖွဲ့ကို တန်ပြန် တွန်းလှန် နိုင်ခဲ့သည်။ ထို့အတွက်

အမေရိကန် သည် မြန်မာပြည်သူများ နှင့် အတူ တသားတည်း ရပ်တည်သွားမည် ဖြစ် ကြောင်း၊ အာဏာသိမ်း အဖွဲ့၏ ကျူးလွန်ခဲ့သည့် ပြစ်မှုများ အတွက် တာဝန်ခံမှု ရှိလာအောင် ကြိုးပမ်းသွားမည် အစရှိသဖြင့် ပါရှိပြီး မြန်မာပြည်သူများ အတွက်လည်း နှစ်သစ်ကူး ဆုမွန် တောင်းလိုက် ပါကြောင်း ဖေါ်ပြ ထားခဲ့သည်။ သို့သော် မြန်မာပြည်သူတို့၏ ခုခံတွန်းလှန်စစ်က အရှိန်မြင့်တက်လာနေပြီ ဖြစ်၍ အမေရိကန်အနေနှင့်

ပါးစပ်ဖြင့် နှစ်သစ်ကူး ဆုတောင်း နေမည့်အစား ခုခံတွန်းလှန်စစ်အတွက် လိုအပ်နေသော လက်နက်များ အကူအညီ ပေး ရန်သာ တောင့်တနေကြသည်။ လက်ရှိတွင် အမေရိကန် နှင့် တရုတ်သည် မြန်မာပြည် နှင့် ပတ်သက်၍ တဦး၏ ခြေလှမ်းကို တဦးက

စောင့် ကြည့်နေ ကြသည်။ တဦးက စလိုက်သည်နှင့် တဦးက ပေါ်ပေါ်တင်တင် ဝင်ပါကြမည့် သဘောတော့ ရှိနေသည်။ စစ်ကောင်စီသည် ၁၅ လ ထဲ ရောက်လာချိန်တွင် ၎င်းတို့ ဖာသာ ဖန်တီးနေသည့် စီးပွားရေး စီမံခန့်ခွဲမှု အမှားများ နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်မှုကို စတင် ခံစားလာနေရပြီ ဖြစ်သည်။ အာဆီယံ ၏ မူ ငါးချက် ဆိုသည့်အပေါ် မင်းအောင်လှိုင်မှ ဘူးလုံးနားမထွင်း

လက်ခံလာခဲ့သော်လည်း လက် တွေ့တွင် မည်သို့မျှ အကောင်အထည်ဖေါ်၍ မဖြစ်ကြောင်း သိရှိနေကြသဖြင့် အနောက်အုပ်စု၏ စီးပွားရေး ဒဏ်ခတ်မှု သည် ရှေ့‌လျှောက် ပြင်းထန်လာဖွယ် ရှိနေသည်ကို ရိပ်စားထားမိပြီးလည်း ဖြစ်သည်။ ရုရှားကို အားကိုးမရတော့သည့် အတူတူ တရုတ် နှင့် ဆက်ဆံရေးကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းလာ သည်။ တရုတ်ကလည်း သိုသိုသိပ်သိပ် ဖြင့် တဖြေးဖြေး

ချဉ်းကပ်လာနေသည်။ လက်ရှိတွင် အီရန် လေယာဉ် များ ဆင်းသက်လာခြင်းသည် သွေးရိုးသားရိုးတော့ မဟုတ်၊ အီရန်သည် စစ်တပ်မှ ရိုဟင်ဂျာများ အပေါ် ရက်စက်စွာ ပြုကျင့်ခဲ့မှုများ အတွက် ပြင်းထန်စွာ ကန့်ကွက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အီရန်သည် ၎င်းတို့၏ ပြစ်မှုများကို ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိ၊ တရုတ် ၏ အကူအညီ တောင်းမှုကြောင့် တရုတ် ပစ္စည်းများကို

ကြားခံသယ်ဆောင်ပေးနေခြင်းလည်း ဖြစ်မည်။ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ခံထားနေရသည့် အီရန်ထံမှ ရေနံ အမြောက်အမြားကို နည်းမျိုးစုံဖြင့် ဝယ်ယူနေသည့် တရုတ်ကိုလည်း မလိုက်လျောနိုင်စရာ မရှိပေ။ အီရန် နှင့် မြန်မာ နှစ်နိုင်ငံစလုံးကို အမေရိကန် ထောက်လှန်းရေး အနေဖြင့် ထိထိရောက်ရောက် ထိုးဖေါက်နိုင် စွမ်း မရှိ ဖြစ်နေ၍ အခြေအနေကို အတိအကျ သုံးသပ်နိုင် ဖို့ မလွယ်ကူလှပေ။ ဂျပန် နိုင်ငံထုတ်

The Diplomat တွင် Revisiting the China-Myanmar Economic Corridor after the coup တွင် တရုတ်၏ ကြံရွယ်ထားမှုများကို အသေးစိတ် သုံးသပ်ဖေါ်ပြထားရာ လိုရင်း ကောက်နှုတ်တင်ပြရမည် ဆိုက.. စစ်ကောင်စီသည် ကုန်သွယ်ရေး တွင် အမေရိကန် ဒေါ်လာ ကို အဓိက မှီခိုနေရသဖြင့် ရုရှားအား လုပ်လာသလို SWIFT ဟု အတိုကောက် ခေါ်သည့် နိုင်ငံတကာ ငွေပေး‌ငွေချေ စနစ်မှ ဖယ်ထုတ်ခံရမည့်

အရေးကို စိုးရိမ်လာ နေ၍ တရုတ်၏ လက်ရှိ စမ်းသပ်နေသော Digital currency စနစ်ကို (ဆန် နှင့် အလဲအလှယ်လုပ်မည်ဟု ယူဆရပြီး) မြန်မာ တွင် အသုံးချရန် ချဉ်းကပ်လာ နေသည်။ မြန်မာ နှင့် ငွေကြေး တိုက်ရိုက် ပေးချေ နိုင်ရန် လမ်းပွင့်သွားပြီး တရုတ်အဖို့ကလည်း ၎င်းတို့ အသည်း အသန် အကောင်အထည် ဖေါ်ချင်နေသည့် ယူနန် မှ မြန်မာ၏ အနောက်ဖက် ကမ်းရိုးတန်းသို့ ချိတ်ဆက်ပေးမည့် လမ်းတံတား အခြေခံ

အဆောက်အအုံများ အတွက် ငွေကြေး ပံ့ပိုးပေးရန် လမ်းပွင့်သွားမည် ဖြစ်သည်။ တရုတ်မှ မြန်မာနိုင်ငံသားများအားလည်း ၎င်းတို့ ကုန်ပစ္စည်းများကို ဒီဂျစ်တယ် ငွေကြေး ဖြင့် ရောင်းချပြီး တဦးတည်း ဈေးကွက်ကို မောင်ပိုင် စီးထားနိုင်တော့မည် ဖြစ်သည်။ နောက်တချက်မှာ မြန်မာအား ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်နိုင်မည့် နည်းပညာများကို လွှဲပြောင်းပေးထားပြီး Myancopharm အမည် ဖြင့် ထုတ်လုပ်ရန်

ရှိနေသည်။ ယင်းနှင့် အတူ တရုတ် ဆေးကုမ္ပဏီများ သည် လက်ရှိ အိန္ဒိယ မှ ချုပ်ကိုင်ထားသည့် မြန်မာ ဆေးဝါး ဈေးကွက်ကို ထိုးဖေါက် လာကာ အစမ်းသပ်ခံ အဖြစ် အသုံးချနိုင်ရန် ရည်ရွယ်ထားသည်ဟု ဖေါ်ပြထားသည်။ မင်းအောင်လှိုင် ပါးစပ်မှ ကိုဗစ်၊ လျှပ်စစ်ရထား ကားများ ပြည်တွင်း တွင် ထုတ်လုပ်ရန် ဆိုသည်က တရုတ်ကို အားကိုးအားထား ပြုကာ ပြောဆိုနေခြင်း ဖြစ်ပြီး မြန်မာကိုပင် တရုတ်၏ ကိုယ်ပိုင်

အုပ်ချုပ်ခွင့်ရ ပြည်နယ် တခု အဖြစ် သူ၏စိတ်ထဲ ထင်ယောင်ထင်မှားပင် ဖြစ်လာနေပုံရသည်။ သူ၏ ကြံစည်နေမှုများသည်လည်း ရေရှည် အာဏာ တည်မြဲရေး ကိုသာ အဓိက ထားပြီး လတ်တလော ဖြေရှင်းနေသည့် အဆင့်တွင်သာ ရှိသည်။ မည်သို့သော ရည်ရွယ်ချက်မျိုး နှင့် ဖြစ်စေ မြန်မာ ၏ နိုင်ငံရေး နှင့် စီးပွားရေး အား တရုတ်မှ ကိုယ့် ခြံထဲက ကြက်တကောင်လို သဘောထား လာပြီး ထင်သလို ချယ်လှယ်လာမည့်

အရေး နှင့် တရုတ်တို့၏ စီးပွားရေး လုပ်ငန်းများ အခြေခိုင်သည်ထက် ခိုင်လာနေပါက သေနတ်တချက် ဖေါက်စရာ မလိုဘဲ ခွင့်ပေးလာသည့် စစ်ကောင်စီကို ပြုတ်ကျ မသွားအောင် မဖြစ် ဖြစ်သည့် နည်း ဖြင့် အကာအကွယ် ပေးလာမည့် အန္တရာယ်ကြီးက လက်တကမ်း အကွာတွင် ရှိနေပေသည်။ ထိုအခါတွင်တော့ ပြည်တွင်းစစ် မီးတောက်မီးလျှံများက တနိုင်ငံလုံးကို ဝါးမြိုလာ‌ပေတော့မည်။ မြန်မာပြည်သူများ အဖို့

ထိုအရေးကို ပေါ့ပေါ့ဆဆ သဘောထား၍ မဖြစ်တော့၊ ဘယ်သူ အုပ်ချုပ် အုပ်ချုပ် ဆိုသည်ဟု ယူဆ၍ မရတော့၊ မိမိတို့၏ အရေးကို မိမိတို့ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ဆုံးရှုံးပြီး ဘီဂျင်းရှိ မာစတာ ကြီးများထံမှ အကြံဉာဏ်များ၊ ခွင့်ပြုချက်များ အရင် တောင်းခံရတော့မည့် ကိန်း ဆိုက်လာပေတော့မည်။ ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *