
တောင်ကြီးသင်္ကြန်ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရန် KTV အမျိုးသမီးဆိုရှင် ၁၂ဦးထက်မနည်း ခေါ်ယူထား
မဲခေါင်၊ ဧပြီ ၁၃
အာဏာသိမ်းစစ်ကောင်စီခန့် ပြည်နယ်အစိုးရအဖွဲ့က တောင်ကြီးမြို့တွင် ပြုလုပ်နေသည့် သင်္ကြန်ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရန် KTVမှ အမျိုးသမီးအဆိုရှင် ၁၂ဦးထက်မနည်းကို ခေါ်ယူထားကြောင်း စစ်တပ်တွင်းသတင်းရင်းြမစ်များထံမှ သိရသည်။
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ၎င်းတို့ရုံးနှင့် ပြည်နယ်လွှတ်တော်ရုံးကြားတွင် သင်္ကြန်ရေကစားဗဟိုမဏ္ဍပ် ဆောက်လုပ်ထားပြီး ယနေ့ညနေပိုင်း၌ ဖွင့်ပွဲကျင်းပမည်ဖြစ်ပြီး ယင်းမဏ္ဍပ်တွင် သီချင်းသီဆိုဖျော်ဖြေရန်အတွက အေးသာယာမြို့ရှိ KTV၂ခုမှ မိန်းကလေးအဆိုရှင် ၇ဦးခေါ်ယူနှင့် တောင်ကြီးမြို့ရှိ KTVတစ်ခုမှ အမျိုးသမီးအဆိုရှင် ၅ဦး ထက်မနည်းအားခေါ်ယူထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စရဖက ခေါ်ပေးရတာ၊ ညပိုင်းတွေကြရင် အကြိုအပို့လည်း သူတို့လုပ်ပေးရမယ်လို့ ပြောတယ်။ အေးသာယာက၇ယောက်၊ တောင်ကြီးက ၅ယောက်ထက်မနည်းကိုခေါ်ထားတယ်။ အဓိကတော့ နေ့ခင်းဖက်တွေမှာ သီချင်းဆိုခိုင်းပေါ့။ နီးစပ်ရာတပ်အသိုင်းအဝိုင်းမှာ တက်ဆိုချင်ကြသူတွေရှိပေမယ့် ရုပ်ရည်ကအဆင်မပြေတော့ KTVကပဲ ခေါ်ခိုင်းထားတာ”ဟု ၎င်းကပြောသည်။
ထို့အပြင် အဆိုပါသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲအတွက် တောင်ကြီးမြို့ပေါ်တစ်ရပ်ကွက်လျှင် ရန်ပုံငွေ ၅ သိန်းပေးပြီး ၂၅ ဦးစီတက်ခိုင်းထားပြီး ယိမ်းအဖွဲ့၂၁ဖွဲ့အား ဖျော်ဖြေရန် ခေါ်ယူထားကြောင်း သိရသည်။
လုံခြုံရေးတင်းကြပ်စွာဖြင့်ပြုလုပ်မည့် အဆိုပါ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်၊ ညနေ ၅ နာရီတွင်ပြုလုပ်မည်ဖြစ်ပြီး ပိတ်ပွဲကို သင်္ကြန်အတက်နေ့ ဖြစ်သည့် ဧပြီလ ၁၆ ရက်၊ ညနေ ၅ နာရီတွင်ပြုလုပ်မည်ဖြစ်ကာ ညနေ ၄ နာရီခွဲအရောက် နေရာယူရန် ခေါ်ယူထားကြောင်း သိရသည်။
တောင်ကြီးသြင်္ကန်ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရန် KTV အမျိုးသမီးဆိုရှင် ၁၂ဦးထက်မနည်း ခေါ်ယူထား