သားဖြစ်သူဘရွတ်ခ်ကလင်းရဲ့ ဒေါ်လာ၄သန်းတန်မင်္ဂလာဆောင်မှာ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းရဲ့သားဖြစ်သူ ဘရွတ်ခ်ကလင်းဘက်ခမ်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဒေါ်လာ၄သန်းတန်မင်္ဂလာဆောင်အခမ်းအနားတရပ်ကျင်းပခဲ့ပြီး အဆိုပါပွဲမှာ ဖခင်ဖြစ်သူ အင်္ဂလန်လက်ဂျန့်ကြီးက ဂုဏ်ပြုစကားပြောရင်းမျက်ရည်ကျခဲ့ရတယ်လို့မာကာကဆိုပါတယ်။

ဘရွတ်ခ်ကလင်းဟာ အမေရိကန်သရုပ်ဆောင် နီကိုလာပဲလ်ဇ်ကို လက်ထပ်ခဲ့တာဖြစ်ပြီး ဖလော်ရီဒါက ပန်းမ်ဘိချ်ကမ်ခြေက ပင်လယ်ဗျူးစံအိမ်မှာ ခမ်းခမ်းနားနားမင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ရီရဲမက်ဒရစ်၊အေစီမီလန်နဲ့PSGတို့မှာကစားခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့သားကြီးစတင်မွေးဖွားလာခဲ့တဲ့အချိန်ကအကြောင်းတွေကို ပြန်ပြောင်းပြောပြရင်း လူပုံအလယ်မှာမျက်ရည်ကျခဲ့တာဖြစ်တယ်လို့ အဆိုပါပွဲကိုတက်ရောက်ခဲ့သူတဦးကပြောပါတယ်။

“ဒေးဗစ်ရဲ့ပြောဆိုမှုက ၄၊၅မိနစ်လောက်တော့ကြာမြင့်ခဲ့ပြီး အကြောင်းအရာတခုအရောက်မှာ သူ့ရဲ့မျက်ရည်တွေကိုမနည်းထိန်းနေခဲ့ရတဲ့ပုံပေါ်ခဲ့ပါတယ်။”

“ဘရွတ်ခ်ကလင်းကိုမွေးခဲ့တဲ့အချိန်တုန်းကအကြောင်းတွေနဲ့ သူ့သားလေးကိုသူဘယ်လိုမျိုးကာကွယ်ပေးခဲ့ရသလဲဆိုတာတွေကိုသူပြောခဲ့တာပါ။”

“သူပြောတာက သူက ဆေးရုံကြမ်းပြင်ပေါ်မှာအိပ်နေခဲ့ရပြီး အခန်းဝကတံခါးမကြီးကိုကိုင်ထားခဲ့တယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အခန်းထဲကို ဘယ်သူ့ကိုမှပေးမဝင်ချင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။”

“ဒေးဗစ်ဟာ လည်ချောင်းထဲမှာဆို့နင့်နေခဲ့ပြီး သူ့ပြောဆိုမှုကိုခဏရပ်နားခဲ့ရပြီး စိတ်တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်ဖို့အတွက် အသက်ပြင်းပြင်းပြန်ရှုပြီးမှ ဆက်ပြောခဲ့ရတာဖြစ်ပေမဲ့လဲ ဒါက အရမ်းကိုမှချိုမြိန်လှတဲ့ပြောဆိုမှုတခုဖြစ်ခဲ့ပါတယ်။” လို့အဆိုပါအတွင်းလူကဆိုပါတယ်။

ဒီမင်္ဂလာဆောင်ပါတီကို အေအဆင့်ဝင်တဲ့ဒိတ်ဒိတ်ကြဲဆယ်လီဘရစ်တီတွေကိုသာရွေးချယ်ဖိတ်ကြားခဲ့တာဖြစ်ပြီး တင်းနစ်ညီအမဖြစ်တဲ့ ဆီရီနာနဲ့ဗီးနက်စ်ဝီလျံ၊ ဟောလိဝုဒ်မင်းသမီး အီဗာလောင်ဂိုရီးယားတို့က မနက်မိုးလင်းခါနီးပါတီးပြီးဆုံးချိန်အထိ ဝင်နွှဲခဲ့ကြတယ်လို့လဲသိရပါတယ်။

ဘက်ခမ်းရဲ့သား၃ဦးဖြစ်ကြတဲ့ ဘရွတ်ခ်ကလင်း၊ရိုမီရိုနဲ့ခရုဇ်တို့အနက် ဒုတိယသားဖြစ်တဲ့ ရိုမီရိုတဦးသာ ဖခင်ရဲ့ ဘောလုံးအမွေကိုဆက်ခံခဲ့ကာ လက်ရှိသူ့ဖခင်ပိုင် အင်တာမီယာမီရဲ့လူငယ်အသင်းမှာပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်နေပြီဖြစ်ပါတယ်။

ကျန်သားနှစ်ဦးဖြစ်တဲ့ အကြီးဆုံးနဲ့အငယ်ဆုံးကတော့ ဓာတ်ပုံဆရာ၊ အင်တာနက်ဘလော့ဂါ၊အဆိုတော်၊သရုပ်ဆောင်၊စတဲ့ အနုပညာရပ်ပိုင်းမှာပဲကျင်လည်နေခဲ့ကြပြီး နှစ်ဦးလုံးကတော့ တိတိပပအောင်မြင်မှုမရှိထားကြသေးပါဘူး။

Caleb (BT Sports)

Leave a Reply

Your email address will not be published. Required fields are marked *