စစ်ကောင်စီက ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များအားလုံးကို အခွန် ကောက်၊ မှတ်ပုံတင်ခိုင်းပြီး လုံခြုံရေးအရ အလုံးစုံ ထိန်းချုပ်မည်

စစ်ကောင်စီက ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များအားလုံးကို အခွန် ကောက်၊ မှတ်ပုံတင်ခိုင်းပြီး လုံခြုံရေးအရ အလုံးစုံ ထိန်းချုပ်မည် ၊ ဖုန်းဟန်းဆက်များ၏ IMEI နံပါတ်များ မှတ်ပုံမတင်လျှင် အခွန်မဆောင်လျှင် ဖုန်းလိုင်းအသုံးပြု ခွင့်ပိတ်မည်

ရန်ကုန်၊ မေ ၁၃

စစ်ကောင်စီက ပြည်သူများ အသုံးပြုနေသော မိုဘိုင်းလ်ဖုန်းဟန်းဆက်များ၏ IMEI နံပါတ်များကို ဟန်းဆက် တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ (မြန်မာငွေကျပ် ၆၀၀၀ ကျပ်ဝန်းကျင်) မှတ်ပုံတင်အခွန်ဆောင်ခိုင်းပြီး လုံခြုံ ရေးအရ ပိုမို ထိန်းချုပ်ရန်ရှိကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

မေလ ၁၁ ရက်နေ့ မိုဘိုင်းဖုန်းဟန်းဆက်များ အခွန်ငွေကောက်ခံရေး အစည်း အဝေးတစ်ရပ်ကို နေပြည်တော်၊ စီမံ ကိန်း နှင့် ဘဏ္ဏာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ( ၂၆ )တွင် ကျင်းပခဲ့ပြီး စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး၊ ဒုတိယအတွင်းဝန်၊ ညွှန်ချူပ်၊ ပို့/ဆက် ဒုဝန်ကြီး အပါအဝင် အရာရှိများ၊ မြန်မာနိုင်ငံမိုဘိုင်းလ်ဖုန်းတင်သွင်းသူများအသင်း MMIA နှင့်၊ Solutions Hub Company Ltd မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီးက မိုဘိုင်းလ်ဟန်းဆက်များမှ အခွန်ငွေ များရရှိစေရန် ပြည်သူအများကိုင်ဆောင်နေသော ဟန်းဆက် များ၏ IMEI (International Mobile Equipment Identity) နံပါတ်များကို Data server တစ်ခုတည်ဆောက်ပြီး ပညာပေးကာလသတ်မှတ်ကာ အခွန် ကောက် မှတ်ပုံတင်ထည့်သွင်း သိမ်း ဆည်းစေမည်ဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်ပါက အခွန်မဆောင်၊ မှတ်ပုံ မတင်သော ဟန်းဆက်များကို ဆက်သွယ်ရေး စနစ် အသုံးမပြုနိုင်ရန် ပိတ်ပင်မည်ဟု ပြောဆိုကြောင်း နေပြည်တော် ဆက်သွယ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုဘိုင်းလ်ဖုန်းများကို မှတ်ပုံတင်နိုင်ရေးအတွက် အဓိက လုပ်ငန်းလုပ်ကိုင်လိုသူ Solutions Hub Company က တစ်နိုင်ငံလုံးမှ မိုဘိုင်းဟန်းဆက်များကို ရက်ပေါင်း ၆၀ အတွင်း ဟန်းဆက် IMEI နံပါတ်များကို မှတ်ပုံတင်စေကာ ရက်ပေါင်း ၆၀ ကျော်လွန်ချိန် မှတ်ပုံမတင်ထားသော ဟန်းဆက်များကို ဆက်သွယ်ရေးစနစ်မှ ပယ်ထုတ်နိုင်သည့် နည်းလမ်းများကို ရှင်းလင်းပြောဆိုသည်။

NLD အစိုးရလက်ထက်တွင် ယင်းစနစ် အသုံးပြုရန် တင်ပြခဲ့သော်လည်း NLD အစိုးရက ပြည်သူများ လွတ်လပ်စွာ ဖုန်းအသုံးပြုနိုင်ရေး အတွက် ယင်းစနစ်ကို လက်မခံပယ်ချခဲ့ကြောင်း ၊ ယခု နစက လက်ထက်တွင် အကောင် အထည် ဖော်လိုကြောင်း၊ အဆိုပါစနစ်ကို ရက်ပေါင်း ၁၂၀ အတွင်း ပြီးစီးအောင် တည်ဆောက် နိုင်ပြီး ပညာပေးကာလ ရက်ပေါင်း ၆၀ သတ်မှတ်အတွင်း ဟန်းဆက်များ၏ IMEI နံပါတ်များကို သိမ်းဆည်းနိုင်ကြောင်း ၊ မှတ်ပုံမတင်ထားလျှင် ဖုန်းများ အသုံးပြုမရအောင် ပိတ်ပင်မည်ဖြစ်ကြောင်း Solutions Hub Company က ပြောဆိုသည်။

ထိုကဲ့သို့ မိုဘိုင်းလ်ဖုန်းများကို IMEI နံပါတ်မှတ်ပုံတင်စေသည့် နည်းလမ်းကို ရုရှား၊ အဇာဘိုင်ဂျန် နိုင်ငံ အပါအဝင် ၈ နိုင်ငံတွင် အသုံးပြုနေသည်ဟု Solutions Hub Company က တင်ပြကြောင်း သိရှိရသည်။

ဆက်သွယ်ရေးသတင်းရင်းမြစ်၏ အဆိုအရ စစ်ကောင်စီသည် ဟန်းဆက်များကို အခွန်ကောက်ခံရန်နှင့် မှတ်ပုံတင်စေခြင်းဖြင့် တစ်နိုင်ငံလုံးရှိ ဖုန်းများကို လုံခြုံရေးအရ ထိန်းချုပ်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ၊ ဟန်းဆက်များမှတ်ပုံတင်ခြင်းလုပ်ငန်းကို လုပ်ကိုင်မည့် Solutions Hub ကုမ္ပဏီသည် ၎င်း၏ အကျိုးအတွက် ပြည်သူကို ချနင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“Solutions Hub က ဖုန်းတစ်လုံးကို ဒေါ်လာ ၃ ဒေါ်လာ(မြန်မာကျပ်ငွေ ၆၀၀၀) နဲ့ မှတ်ပုံတင် အခွန် ကောက်မှာဆိုတော့ ဖုန်းအလုံး သန်း ၅၀ ဆိုရင် ဒေါ်လာ သန်း ၁၅၀ ရသွားမယ်။ နောက်ပြီး ဖုန်းတွေကို IMEI နံပါတ်သိရင် ဘယ်နေရာမှာ ဘာသုံးသုံးခြေရာခံလို့ရလာမယ်။ ဆိုးကျိုးတွေက ပိုများတယ်။ Solutions Hub အနေနဲ့ ကိုယ့်အကျိုးစီးပွားအတွက် ပြည်သူတွေကို ဒုက္ခပေးတာမျိုး မလုပ်သင့်ဘူး” ဟု ဆက်သွယ်ရေးဌာနနှင့် တွဲဖက်လုပ်ကိုင်နေသူ နည်းပညာကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် မိမိမိုဘိုင်းလ်ဖုန်း၏ IMEI နံပါတ်ကို *#06# ကိုနှိပ်၍ စစ်ဆေးကြည့်ရှုနိုင်သည်။

ဓာတ်ပုံ- မိုဘိုင်းလ်ဖုန်းအသုံးပြုကြသူတချို့။

Photo- Yuichi Nitta

Leave a Reply

Your email address will not be published. Required fields are marked *