ရုရှားကနေ မြန်မာကို ကမ္ဘာ့အရှည်ဆုံး ပိုက်လိုင်းသွယ်တန်းပြီး ရေနံပို့ပေးမည်ဟုဆို

ရုရှားက မြန်မာနိုင်ငံကို စွမ်းအင်ပေးပို့ ထောက်ပံ့နိုင်ရေးအတွက် အိန္ဒိယ ဒါမှမဟုတ် တရုတ်နိုင်ငံကို ဖြတ်သန်းပြီး ပိုက်လိုင်းသွယ်တန်းဖို့ ကြိုးပမ်းနေပုံရကြောင်း SCMP က ရေးသားပါတယ်။

နိုင်ငံရဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ အစုလိုက်အပြုံလိုက် ထွက်ခွာနေချိန်မှာ ရုရှားက မြန်မာနိုင်ငံအတွက် အဓိကစွမ်းအင်ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာဖို့ ပုံဖော်နေတယ်လို့လည်း ဆိုပါတယ်။

စကစ ဝါဒဖြန့်ချိရေးမှူး ဇော်မဲလုံးက သင့်တင့်တဲ့ဈေးနှုန်းနဲ့ လောင်စာဆီလုံလုံလောက်လောက် တင်သွင်းနိုင်ဖို့ ရုရှားနိုင်ငံနဲ့ ညှိနှိုင်းနေကြောင်း ဧပြီလကုန်ပိုင်းမှာ ဘလွန်းဘတ်ကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တာတာစတန်သမ္မတရဲ့ ခရီးစဉ်မှာလည်း စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုတွေ ပါဝင်ခဲ့ပြီး ရပ်နားထားတဲ့ ရေနံချက်စက်ရုံတွေ ပြန်လည်ပတ်ဖို့နဲ့ စီမံကိန်းအသစ်တွေ ဖော်ဆောင်ဖို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

စကစ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးအောင်နိုင်ဦးကလည်း ရေအားနဲ့ ဆိုလာစွမ်းအင်ကို မြှင့်တင်ဖို့၊ ဓာတ်ငွေ့သုံးနဲ့ စွန့်ပစ်အပူပေးတဲ့ စီမံကိန်းများကို ထပ်မံထည့်သွင်းပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရဲတံခွန်စီမံကိန်းမှ PETRONAS ၊ ENEOS တို့အပြင် အမေရိကန် Chevron နှင့် ပြင်သစ် Total တို့က ရတနာစီမံကိန်းမှ နုတ်ထွက်ဖို့ ဆုံးဖြတ်ထားကြပြီး A-6 ၊ AD-1 ၊ AD-8 လုပ်ကွက်တို့မှာ ရင်းနှီးမြှုပ်နှံထားတဲ့ သြစတေးလျ Woodside ကလည်း လုပ်ကိုင်လိုခြင်းမရှိကြောင်း ပြောကြားထားပါတယ်။

တကယ်လို့သာ အဆိုပါ လေထဲက စီမံကိန်းကြီး အကောင်အထည်ပေါ်လာပါက ကမ္ဘာ့အရှည်ဆုံး ရေနံ ပိုက်လိုင်း ဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့အရှည်ဆုံး ရေနံပိုက်လိုင်းက တရုတ်နဲ့ ရုရှားတို့ ဆက်သွယ်ထားတဲ့ ဆိုက်ဘေးရီးယားအရှေ့-ပစိဖိတ်သမုဒ္ဒရာ ပိုက်လိုင်းဖြစ်ပြီး စုစုပေါင်း အရှည် ၃၀၁၈ မိုင် ရှိပါတယ်။

ရုရှားကနေ မြန်မာပြည်ကို ရေနံပို့ဖို့ ပိုက်လိုင်းတည်ဆောက်ခြင်းဟာ လေထဲမှာ တိုက်အိမ်ဆောက်ခြင်းသာ ဖြစ်ကြောင်း၊ လက်ရှိအချိန် မြန်မာတပြည်လုံးမှာ တနေ့ ရေနံသုံးသမျှ ပမာဏဟာ တခြား ဖွံ့ဖြိုးပြီး နိုင်ငံနဲ့ ယှဉ်ပါက အလွန်နည်းပါးတာကြောင့် ရုရှားအနေနဲ့ ပိုက်လိုင်း အလကားလုပ်ပေးရင်တောင် ရေနံရောင်းရတဲ့ငွေနဲ့ ဘယ်လိုမှ မကာမိကြောင်း၊ လျှပ်စစ်ရထားလို ဝါဒဖြန့်ချိရေးတခုသာ ဖြစ်ကြောင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းခွင်အတွင်းမှ အင်ဂျင်နီယာ တဦးက မှတ်ချက်ချပါတယ်။

စကစ အနေနဲ့ ရုရှားနဲ့ မဟာမိတ်ဖြစ်ကြောင်းကို အမြဲ မဏ္ဍာပ်တိုင် တက်ပြလေ့ ရှိပြီး မဖြစ်နိုင်တဲ့ ကိစ္စတွေကို အခုလို လျှောက်ပြောနေခြင်းဟာ စိတ်ကျန်းမာရေး ချို့ယွင်းတာကို ပြနေတာဖြစ်ကြောင်း ပြည်သူတဦးက မှတ်ချက်ချပါတယ်။ လေထဲက လျှပ်စစ်ရထား၊ လေထဲက ဂြိုလ်တု ပြီးတဲ့နောက် လေထဲက ပိုက်လိုင်းကြီးရဲ့ လားရာကတော့…

Leave a Reply

Your email address will not be published. Required fields are marked *