ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်

အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးအား ကွပ်မျက် သတ်ဖြတ်သည့်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အလျင်စလို တုံ့ပြန်ပြောဆိုမှုမျိုး မရှိခဲ့သော်လည်း စိတ်မကောင်းဖြစ်သည့်ပုံကို တွေ့ရကြောင်း နေပြည်တော် အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

နေပြည်တော် အကျဉ်းထောင်နှင့် နီးစပ်သူက “ဒီနေ့ ထောင်မှာ ရုံးထုတ်တော့ ကိုဂျင်မီတို့ ကိစ္စ သိသွားတယ်။ တစုံတရာ ပြောဆိုတာမျိုးတော့ မတွေ့ရဘူး။ ဒါပေမယ့် ကြည့်ရတာတော့ အတော်လေး စိတ်ထဲမှာ အတော်လေး မကောင်းတော့ ဖြစ်သွားတဲ့ ပုံစံမျိုးရှိတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အနေဖြင့်လည်း အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် ဖမ်းဆီးခံရကာ နေပြည် တော် အချုပ်ထောင်အတွင်း၌ ထောင်သွင်း အကျဉ်းချခံထားရပြီး စစ်ကောင်စီ စွပ်စွဲသည့် အမှုများ ရင်ဆိုင်ဖြေရှင်းနေ ရသည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်ခုံရုံးဖြင့် သေဒဏ်ချခံထားရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်တဦး ဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နှင့် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးအား သေဒဏ် ကွပ်မျက်လိုက်ပြီ ဖြစ် ကြောင်း ယနေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ကြေညာခဲ့သည်။

ယနေ့ နေပြည်တော် ထောင်အတွင်း တရားရုံးထုတ်တွင်လည်း စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်နှင့် ပတ်သက်ပြီး တရားစွဲ ဆိုထားသည့် အဂတိမှုနှစ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်က အပြစ် မရှိကြောင်း ချေပပြောဆိုခဲ့သော်လည်း အထူး တရားရုံးက စွဲချက်တင်ခဲ့သည်။

ကယ်ဆယ်ရေး ရဟတ်ယာဉ် ငှားရမ်း သုံးစွဲမှုနှင့် ပတ်သက်သည့် အဂတိမှုအတွက်လည်း ယနေ့တွင် တရားလိုပြ သက် သေဖြစ်သူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုဝန်ကြီး ဦးစိုးအောင်အား စစ်ဆေးခဲ့သည်။

ယင်းပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာချထားပေးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲဆိုထားသည့် အဂတိမှု လေးမှုအတွက်လည်း ယနေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး လာမည့် ဩဂုတ်လ ၁၅ ရက်တွင် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *