ရွှေနှင့်ဒေါ်လာဈေး အတက်ကြမ်းနေ

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာနှင့် ပတ်သက်သည့် ထိန်းချုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် ညွှန်ကြားချက်များ ထုတ် ပြန်ပြီး ရက်ပိုင်းအတွင်း အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ကျပ် သိန်း ၂၀ ကျော်မှ ၂၃ သိန်းထိ မြင့်တက်လာသလို ပြင်ပဒေါ်လာဈေးမှာလည်း ၁ ဒေါ်လာ ကျပ် ၂၃၀၀ ကျော်မှ ၂၅၀၀ ကျော်ထိ ဈေးအတက်ကြမ်းလျက် ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

ထို့ကြောင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ရက်ပိုင်းအတွင်း ကျပ် ၂ သိန်းကျော်ထိ ဈေးမြင့်တက်လာသလို ဒေါ်လာဈေးမှာလည်း ကျပ် ၂၀၀ ကျော်ထိ မြင့်တက်လာနေသည်ကို တွေ့ရသည်။

နိုင်ငံရေး မတည်ငြိမ်မှုများကြား စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်လိုက်သော နိုင်ငံခြားငွေ လဲလှယ်သတ်မှတ်နှုန်း၊ ပြည်ပနိုင်ငံများသို့ ချေးငွေပြန်ဆပ်ခွင့် ယာယီပိတ်ပင်ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီများ၏ ဘဏ်အကောင့်မှ ဒေါ်လာများကို သတ်မှတ်ဈေးနှင့် လဲယူခြင်း စသည့် ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီးနောက် လက်ဝယ်ပိုင်ဆိုင်မှု သေချာသော အခေါက်ရွှေ ဈေးကွက်တွင် လက်ကြီးသမားများ ဝင်ရောက်လာမှုကြောင့် ထိုသို့ မြင့်တက်လာခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်မြို့ရှိ ရွှေကုန်သည်တဦးက “ဈေးကွက်ထဲမှာတော့ မနေ့က (ဇူလိုင် ၂၆ ရက်) က ၁ ကျပ်သား ကျပ် ၂၃ သိန်းကျော် တဲ့ထိ တက်သွားတယ်။ ဒီနေ့လည်း ကျပ် ၂၃ သိန်းနဲ့ အရောင်းအဝယ် ဖြစ်နေတယ်။ လက်ကြီးသမားတွေကြောင့် ပါသလို ဒေါ်လာကြောင့်လည်း ပါတယ်။ ဒါကြောင့် ရွှေက အဆမတန် တက်သွားတာပေါ့။ ဈေးကွက်က အမှန်တော့ မဟုတ်ဘူး။ ကြိုက်ရောင်း/ဝယ်ဈေး ဖြစ်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ ထုတ်ပြန်ထားသည့် ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၁၇၁၈ နှင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ကျပ်သိန်း ၂,၀၆၀,၀၀၀ ဖြစ်သော်လည်း လက်ရှိ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ရွှေ ကုန်ကြမ်း ထုတ်လုပ်မှုစရိတ်များ မြင့်တက်မှု အပါအဝင် ကျပ်ငွေတန်ဖိုးကျဆင်းလာသည့် အခြေအနေများကြောင့် အသင်း ရုံးဈေးမှာ အလုပ်မဖြစ်ဘဲ ပြင်ပကြိုက်ရောင်း/ဝယ် ဈေးကွက်ကသာ အရောင်းအဝယ် ဖြစ်လာကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အခုတော့ ဒီဈေးရရင် ရောင်းမယ်၊ ဝယ်မလား။ ဒီပုံစံ ဖြစ်သွားတာ။ ဈေးကွက်ထဲ အဝယ်ရှိလားဆိုရင် ရှိတယ်ဗျ။ ဒါကြောင့်ပဲ ဒီဈေးတွေ ဖြစ်သွားတာ။ အဓိကတော့ ကျနော်တို့ မြန်မာကျပ်ငွေ ဈေးကျဆင်းမှုကြောင့် ဖြစ်သွား တာပဲ” ဟု မှတ်ချက်ပြုသည်။

လက်ရှိ အကယ်ဒမီအခေါက်ရွှေဈေးသည် ဈေးကွက်ထဲ တရိပ်ရိပ်မြင့်တက်နေကြောင်း၊ လက်ဝတ်ရတနာဈေးကို အခေါက် ရွှေဈေးထက် ကျပ် ၁ သိန်းကွာပြီး ၁ ကျပ်သားလျှင် ကျပ် ၂၂ သိန်းဝန်းကျင်နှင့် ဈေးဖွင့်ထားသော်လည်း လက်ဝတ်ရတနာ ဈေးကွက်မှာ အရောင်းအဝယ် နည်းပါးကြောင်း သိရသည်။

ထို့အတူ ရွှေဈေးကွက်နှင့် ချိတ်ဆက်နေသည့် ပြင်ပဒေါ်လာဈေးကွက်မှာလည်း အာဏာသိမ်း စစ်ကောင်စီ၏ ဒေါ်လာ ထိန်း ချုပ်ကန့်သတ်ချက်များကြောင့် ၁ ဒေါ်လာ ကျပ် ၂၅၀၀ ကျော်ထိ (ဈေးနှုန်းအပြောင်းအလဲရှိ) ရှိနေကြောင်း ပြည်တွင်းရှိ ဒေါ်လာ ရောင်းဝယ်ရေးသမားများက ပြောသည်။

ရန်ကုန်မြို့မှ ဒေါ်လာရောင်းဝယ်ရေးသမားတဦးက “ကျပ်ငွေပေါ်မှာ ယုံကြည်မှုကျဆင်းတာကြောင့် ဒေါ်လာဈေးက တက်လာနေတယ်။ သွင်းကုန်ဖြစ်တဲ့ ဆေးတွေပြတ်တော့ လုပ်ငန်းရှင်ကို ဒေါ်လာ ကိုယ့်ဘာသာ ဈေးကွက်ကရှာဆိုတော့ တက်နေတာကို ထပ်တက်အောင် လုပ်လိုက်သလို ဖြစ်သွားတာပေါ့” ဟု ပြောသည်။

ယမန်နေ့က ၁ ဒေါ်လာ ကျပ် ၂၆၀၀ ခဏဖြစ်ပြီးနောက် ကျပ် ၂၅၅၀ ဖြင့် ဝယ်ရောင်းကြကြောင်း၊ ယနေ့ ၂၀/၃၀ ကျပ်ခန့် ဈေးပြန်ကျပြီး ကျပ် ၂၅၀၀ ကျော်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ လက်ရှိ ဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်ရှိ နေပြီး ငွေလဲကောင်တာတချို့ ပိတ်ထားသည့် အခြေအနေ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

ဇူလိုင် ၂၂ ရက်တွင် ပြင်ပဒေါ်လာလဲလှယ်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်က ငွေလဲကောင်တာလုပ်ကိုင်သူများကို အစည်းအဝေးခေါ်ယူကာ ဈေးကွက်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယင်းအစည်းအဝေးနှင့် ပတ်သက်၍ စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း လူမှုကွန်ရက်စာမျက်နှာ၌ ဗဟိုဘဏ်၏ နှုတ်မိန့်ညွှန်ကြားချက်ဟူသောစာများ ထွက်ပေါ်လျက် ရှိသည်။

ယင်းညွှန်ကြားချက်တွင် ဘဏ်ခွဲများရှိ နိုင်ငံခြားငွေဝယ်ယူခြင်းအား ဘဏ်၏ မြန်မာကျပ်ငွေ သတ်မှတ်နှုန်းအပေါ်၌ ဝယ်ယူ နိုင်ပြီး ငွေလဲကောင်တာများတွင် မည်သည့်နိုင်ငံခြားငွေမဆို ရောင်းချခြင်းအား ပိတ်ပင်ထားခြင်း၊ ရန်ကုန်လေဆိပ်ရှိ ငွေလဲ ကောင်တာတွင် လေယာဉ်လက်မှတ်၊ ပတ်စ်ပို့ ပြနိုင်သူသာ အမေရိကန်ဒေါ်လာ ၂၀၀ နှင့် ညီမျှသည့်နိုင်ငံခြားငွေကို ရောင်း ချခွင့်ပြုခြင်းနှင့် အခြားပြင်ပကောင်တာများ၌လည်း နိုင်ငံခြားငွေရောင်းချမှုကို ပိတ်ပင်ခြင်း စသည်ဖြင့် ဖော်ပြထားသည်။

ယနေ့ညနေပိုင်းက စ၍ ကမ္ဘောဇဘဏ်၏ MasterCard နှင့် Visa Prepaid ကတ်များ အသုံးပြု၍ ပြည်ပ ATM များတွင် ငွေသားထုတ်ယူခြင်းအတွက် တရက်လျှင် ဒေါ်လာ ၅၀၊ တပတ်လျှင် ဒေါ်လာ ၁၀၀ သာ ထုတ်ယူသုံးစွဲခွင့်ပြုကြောင်း ကြေညာသည်။ ယင်းသည် ဗဟိုဘဏ်အနေဖြင့် အများပြည်သူကြား အမေရိကန်ဒေါ်လာသုံးစွဲခွင့်ကို ကန့်သတ်ခြင်းလည်း ဖြစ်သည်။

ယမန်နေ့က ကျင်းပသည့် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့လက်ထဲ အမေရိကန်ဒေါ်လာ အလုံအလောက်ရှိကြောင်း ပြောဆိုသည်။ သို့သော် လေ့လာစောင့်ကြည့်သူ အများအပြားက စစ်ကောင်စီလက်ထဲ ဒေါ်လာရှားလာနေကြောင်း ဝေဖန်သုံးသပ်နေကြသည်။

ငွေလဲကောင်တာများနှင့် အလုပ်လုပ်ကိုင်နေသူ တဦးက “အခု တချို့ငွေလဲကောင်တာတွေ ပိတ်တယ်။ သိရတာတော့ ရောင်း/ဝယ်တာကို လုပ်ပေးရမယ်။ ပြီးရင် ဝယ်လို့ရတဲ့ဒေါ်လာ သူတို့ကို (စစ်ကောင်စီ) ပြန်သွင်းရမယ် ပြောတယ်။ အဲဒီ တော့ ဒီဈေးနဲ့ဆို အရှုံးပဲရှိတော့ မလုပ်နိုင်ဘူး။ ပိတ်ခိုင်းတာနဲ့ အတူတူပဲဆိုပြီး ပိတ်လိုက်တာ။ ရင်းနှီးလို့ ဒေါ်လာလုပ်ချင် ဖုန်းနဲ့လုပ်၊ အိမ်လာလုပ်ပေါ့။ အဲဒီလိုမျိုး ဖြစ်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။

အထက်ပါ အခြေအနေများကြောင့် ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးမှာ အတက်ဘက်သို့သာ ဦးတည်နေပြီး ဈေးကွက် အတွင်း အရောင်းအဝယ်ပုံစံမှာလည်း တဦးနှင့်တဦး ဖုန်းဖြင့်ဆက်သွယ်၍သာ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *