TOTAL နဲ့ Chevron စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းရပ်မယ်လို့ကြေညာ

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးလာနေတဲ့အတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ဒီကနေ့ အသီးသီး ထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ မြန်မာနိုင်ငံတွင်း က ထွက်ခွာနေကြတာမှာ TOTAL နဲ့ Chevron စွမ်းအင်ကုမ္ပဏီကြီးတွေလည်း ပါလာတာပါ။

အာဏာသိမ်းမှုနောက်ပိုင်း လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့လာတဲ့အခြေအနေက ပိုဆိုးလာတာကြောင့် ကုမ္ပဏီ အနေနဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပြီး စစ်ကောင်စီရဲ့ အကျိုးစီးပွားတွေကို ဖြည့်ဆည်းပေးတာမျိုး မဖြစ်စေဖို့ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည်ရုပ်သိမ်းမှာဖြစ်တယ်လို့ TOTAL ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အလားတူ အမေရိကန် Chevron ကုမ္ပဏီကလည်း သူတို့လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း TOTAL ကုမ္ပဏီနဲ့ ရှေ့ဆင့် နောက်ဆင့်ဆိုသလို ထုတ်ပြန်ပါတယ်။ တချိန်တည်းမှာပဲ ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP ကလည်း မြန်မာနိုင်ငံတွင်း အခြေအနေတွေကို သတိထား စောင့်ကြည့်နေတဲ့အကြောင်းနဲ့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံစလုံးရဲ့ စွမ်းအင်လိုအပ်ချက် အရေးကြီးတဲ့ အပေါ်မှာ အဓိက စဉ်းစားလုပ်ဆောင်နေတဲ့အကြောင်း ကြေညာချက်ထုတ်ပါတယ်။

TOTAL ကုမ္ပဏီဟာ ၁၉၉၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံတွင်း ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ အမေရိကန် Chevron ၊ ထိုင်း PTTEP ၊ စစ်တပ်ထိန်းချုပ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့နဲ့ အတူပူးပေါင်းပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်နေတဲ့အပြင် မုတ္တမ သဘာဝဓာတ်ငွေ့ကုမ္ပဏီ MGTC မှာလည်း အစုရှယ်ယာဝင် ထားတာဖြစ်ပါတယ်။

ဒီ နိုင်ငံခြား စွမ်းအင်ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီကို ဝင်ငွေရအောင် လုပ်ပေးနေတယ်လို့ ဆိပြီး သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆက်တိုက် ဖိအားပေး တောင်းဆိုနေချိန်မှာ အခုလို TOTAL နဲ့ Chevron ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

သတင်းအရင်းအမြစ် – ဗွီအိုအေ (မြန်မာပိုင်း)

Leave a Reply

Your email address will not be published. Required fields are marked *