သွင်းကုန်လုပ်ငန်းရှင်တွေ ဒေါ်လာဝယ်ယူဖို့ ကုန်သွယ်ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်က ဝန်ကြီးဌာနရုံးရှေ့ တဲထိုးပြီးစောင့်ဆိုင်းရမလို့ ဖြစ်နေတယ်လို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဝေဖန်ပြောကြားလိုက်ပါတယ်။
ကုန်သွယ်ရေး ဦးစီးဌာနက သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့နိုင်ငံခြားငွေ ဝယ်ယူခွင့် တင်ပြရန် အတွက်လိုက်နာရမည့် စည်းကမ်းတွေ ထုတ်ပြန်လိုက်ပြီး နိုင်ငံခြားငွေ ဝယ်ယူလိုသည့် ကုမ္ပဏီမှ BOD အဖွဲ့ဝင် တစ်ဦး ရုံးကို လာလျှောက်ထားရမယ်၊ သွင်းကုန် လိုင်စင် ခွင့်ပြုလိုင်စင်ပါရမယ်၊ ငွေဝယ်မယ့် ဘဏ် ၃ ဘဏ် စာရင်း ပါရမယ်၊ ဝယ်မယ့်ငွေ ပမာဏ တင်ပြရမယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပသွင်းကုန်လုပ်ငန်းရှင် တစ်ဦးက “ Export ရတဲ့ကိုယ့်ဒေါ်လာ ကိုဘဏ်ကို ရောင်းရင်သာ အိမ်/ ရုံး ကနေ ငုတ်တုတ်ထိုင်ပြီးလွယ်လွယ်လေး ရောင်းပေးရတာ Import အတွက် အသုံးလိုလို့ ကိုယ့်ဒေါ်လာကိုယ်ပြန်ဝယ်ရင် BOD ဒါရိုက်တာ အဖွဲ့ဝင်ကိုယ်တိုင် Document တစ်ထပ်ကြီးကိုင်နဲ့ အစိုးရရုံးမှာ ဟိုနားမတ်တပ် ၊ ဒီနားမတ်တပ်နဲ့ ဟိုလူ့ မျက်နှာချိုသွေး ဒီလူ့မျက်နှာချိုသွေး တစ်နေကုန် ဖတ်ဖတ်မောနေရမှာပါ။
စားဖို့သောက်ဖို့ အဆင်မပြေ၊ အပေါ့အလေးသွားရတာအဆင်မပြေ တော်ကြာ ဆီးချုပ်ဝမ်းချုပ် ရေငတ်/ အစာအချိန်မမှန် နဲ့ Covid-19 ကလည်းကူးနိုင်သေးနဲ့ ဒေါ်လာလည်း ဝယ်ခွင့်ရ တမလွန်လဲရောက်ဖြစ်နေအုံးမယ်။ “သက်ဆိုင်ရာ အစိုးရ ဝန်ထမ်းတွေက အစည်းအဝေးတက်နေလို့၊ လူကြီးခေါ်ခိုင်းထားလို့နဲ့” တစ်ရက်ထဲ အဆင် မပြေရင် နောက်တစ်ရက်ပြန်ထပ်သွားရမှာပါ။ သွင်းကုန်များလို့ အကြိမ်ကြိမ် လိုင်စင်လျှောက်/ ဒေါ်လာဝယ်ဖို့ လိုမယ့် ကုမ္ပဏီဆိုရင် ဒါရိုက်တာ တစ်ဦးက စီးပွားကူးသန်းရုံးရှေ့မှာ တဲထိုးပြီးနေရမလိုများ ဖြစ်နေမလားနော်”လို့ ပြောပါတယ်။
ယင်းအပြင် နိုင်ငံခြားငွေ ဝယ်ယူလိုတဲ့ ကုမ္ပဏီအနေနဲ့ ဖော်ပြပါ စည်းကမ်းချက်တွေအပြင် ကုမ္ပဏီရဲ့ နိုင်ငံခြား ငွေစာရင်း အမှတ်/ ဘဏ်အမည်၊ Invoice ၊ Bill of Lading ၊ လွှဲပို့မည့် ကုမ္ပဏီအမည် / ဘဏ် စာရင်း အမှတ်/ ဘဏ် အမည် တို့အပြင် ကုန်ပစ္စည်း ရောက်ရှိမှု အခြေအနေ နဲ့ အကောင်ခွန်ရှင်းလင်းပြီးဖြစ်ပါက Release Order ပါ ပူးတွဲ တင်ပြရမယ်လို့ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။