အမေတစ်ခု သားတစ်ခုဘဝနဲ့ ပျော်ရွှင်စွာနေထိုင်လာရာကနေ အပြစ်မဲ့ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ပရိသတ်အများစုမသိသေးမယ့် အကျဉ်းထောင်ထဲက Single Mother အမျိုးသမီးတေးသံရှင်တစ်ယောက်။
သူမနာမည်ကတော့ မယ်လိုဒီခေါင် ပါ။ သူမ ကတော့ The Voice Myanmar Season 2 ၊ Team ရန်ရန်ချမ်း(YC) အဖွဲ့မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး The Voice Season-2 ရဲ့ Top 4 ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ကချင်တိုင်းရင်းသူလေး တစ်ဦးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီခေါင်ဟာ သီချင်းဆိုကောင်းတဲ့အပြင် သွက်သွက်လက်လက်နဲ့ အမှန်တရားအတွက်ဆို မဆိုင်းမတွ ရဲရဲဝံ့ဝံ့ရှိတတ်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် 23နှစ်ရှိပြီဖြစ်တဲ့ သူမဟာ အသက်အားဖြင့် ငယ်ရွယ်သော်ငြား Single Mother တစ်ဦးအဖြစ် ဘဝကို အရှုံးမပေးစတမ်း ရင်ဆိုင်ကျော်ဖြတ်လာခဲ့ပြီး သူမရဲ့သားလေး အဲရစ်ကိုလည်း လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။
တကယ်တော့ Single Mother တွေရဲ့ ဘဝဟာ အများထင်သလို မလွယ်ကူလှပါဘူး။ ကိုယ့်သားသမီး ရဲ့မျက်နှာကိုကြည့်ပြီး အဖေလည်းကိုယ် အမေလည်းကိုယ် ဆိုတဲ့စိတ်နဲ့ ရုန်းကန်ရှာဖွေရတဲ့အပြင် ကလေးကိုလည်း အချိန်ပေးထိန်းကျောင်းရပါသေးတယ်။ တာဝန်မဲ့ သူတွေရဲ့ မျက်နှာလွှဲမှုတွေကို ဂရုမစိုက်ဘဲ ကိုယ့်ရင်က ဖြစ်တဲ့သွေးအတွက် အကောင်းဆုံးဆိုတဲ့အရာတွေဖန်တီးနိုင်ဖို့ သတ္တိတွေရှိလာခဲ့တာ Single Mother တွေပါပဲ။
မယ်လိုဒီခေါင်ဟာလည်း သူမငယ်ရွယ်စဉ် က ဖြစ်ခဲ့တဲ့အမှားတစ်ခုအတွက် နောင်တဆိုတာမျိုးအလျဉ်းမရှိပဲ အသက်ငယ်ပေမယ့် တာဝန်ယူစိတ်အပြည့်နဲ့ သားလေးကို မွေးဖွားခဲ့ပြီး လက်ရှိအသက် (၂၃) နှစ်ပြည့်တဲ့အထိ မိခင်ကောင်းပီသစွာနဲ့ သားလေးကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာပဲဖြစ်ပါတယ်။
ဒီလို အမေတစ်ခုသားတစ်ခုဘဝနဲ့ ပျော်ရွှင်စွာနေထိုင်လာခဲ့တဲ့ မယ်လိုဒီခေါင်ဟာ အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့် ၂၀၂၂၊ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံလိုက်ရပါတယ်။
မယ်လိုဒီခေါင်ရဲ့သားလေး အဲရစ်လေးဟာလည်း သိတတ်တဲ့အရွယ်ရောက်နေပြီ ဖြစ်တာကြောင့် မေလ (၁၉) ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာ သူ့မေမေအမြန်ဆုံး ပြန်လွတ်လာဖို့ကိုသာ ဆုတောင်းကြောင်း ၊ သူ့မေမေနဲ့ ခွဲနေခဲ့ရတာ ရက်(၁၀၀)ကျော်ပြီ ဖြစ်တာကြောင့် အရမ်းလွမ်းနေပြီဖြစ်ကြောင်း မယ်လိုဒီခေါင်ရဲ့ ဖေ့စ်ဘုတ်ကနေတစ်ဆင့် ရေးသားခဲ့ပါတယ်။
ဒီနေ့မှာတော့ မယ်လိုဒီခေါင်တစ်ယောက် သားလေး အဲရစ်နဲ့ ကွဲကွာနေရတာ (၄)လ ပြည့်မြောက်ခဲ့ပါပြီ။ ဒါကြောင့်မို့ သတ္တိရှိတဲ့ မိခင် တစ်ယောက်အဖြစ် သားလေးကို လူ့လောကထဲ ရဲရဲဝံ့ဝံ့ခေါ်လာခဲ့ပြီး လူပုံအလည်မှာလည်း ထုတ်ပြရဲတဲ့ အာဂမိခင် တစ်ယောက်၊ အမှန်တရားအတွက် ပြည်သူနဲ့အတူ အသံထွက်ပေးခဲ့တဲ့
အဆိုတော် တစ်ယောက်ဖြစ်တဲ့ တေးသံရှင် မယ်လိုဒီခေါင် အကြောင်းကို ပရိသတ်များ သိရှိစေနိုင်ဖို့အတွက် ကျွန်တော်တို့ 505 Entertainment Page ကနေ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
တေးသံရှင် မယ်လိုဒီခေါင် တစ်ယောက် အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။ သားသားလေးအဲရစ်ရဲ့ ဆုတောင်းတွေလည်း အမြန်ဆုံးပြည့်ဝပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ရပါတယ်…